DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအများစု ရေရှားပြဿနာ ကြုံနေ
DVB
·
May 28, 2023
ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအများစု ရေရှားပြဿနာ ကြုံနေ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ နွေရာသီကိုရောက်လာရင် နှစ်စဉ်နှစ်တိုင်းရေရှားပါးတဲ့ ပြဿနာတွေ ကြုံနေရပြီး အခုနှစ်မှာတော့ ဆိုးဆိုးဝါးဝါးနဲ့ဖြတ်သန်းနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆီဆိုင်မြို့နယ် အရှေ့ဘက် ကျေးရွာ ၁၀၀ ကျော်က ရေရှားပါးမှုတွေနဲ့ ရင်ဆိုင်ကြရပြီး အဆိုးဆုံးကတော့ ထီဟန်းထွိုင်းကျေးရွာပဲဖြစ်ပါတယ်။

ဆီဆိုင်မြို့နယ် ထီဟန်းထွိုင်းကျေးရွာဒေသခံ အမျိုးသမီးတဦးက  “ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းဆို ရေကအတော်ပြတ်နေပြီ၊ ရေက မဖြစ်မနေဝယ်သုံးရတယ်၊ နွားသောက်ဖို့တောင် ရေမရှိဘူး” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့နှစ် မိုးတွင်းကာလက ဆီဆိုင်မြို့နယ်တဝန်းမှာ မိုးခေါင်ခဲ့တဲ့အတွက် ရေတွင်းရေကန်တွေ ရေမသိုလှောင်နိုင်ခဲ့လို့ အခုနှစ်နွေမှာ အရင်နှစ်ထက်စောပြီး ရေပြတ်လပ်ခဲ့ရတာလို့ မီရဲ့ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။ 

“ရေကတော်တော်ရှားတယ်၊ ရေတစ်ပုံးရဖို့ တစ်နေကုန်ထိုင်စောင့် ရတယ်၊ ရေထွက်လည်းမရှိဘူး၊ တူးလို့ လည်းမရဘူး၊ ကျောက်သားတွေချည်းပဲလေ၊ ပြီးတော့ အောက်မှာလည်း ဂလှိုင်ပေါက်တွေပဲရှိတယ်။” 

ရာသီဥတုပူပြင်းတဲ့အတွက် တကိုယ်ရေသန့်ရှင်းရေးကို နေ့တိုင်းမလုပ်နိုင်တဲ့အပြင် ယင်လုံအိမ်သာ အတွက် ရေမရှိလို့ ကလေးငယ်တချို့မှာ အရေပြားယားယံတာ၊ ဝမ်းလျှောတာတွေလည်း ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့နဲ့ အလှမ်းဝေးတဲ့ မိုးခေါင်ရေရှားတဲ့ ကျေးရွာတွေက လူထုဟာ ရေချိုးဖို့ ဆီဆိုင်မြို့ထဲကို လာရပြီး ကား၊ ဆိုင်ကယ်မရှိတဲ့လူတွေကတော့ လမ်းလျှောက်တာနဲ့ ကားကြုံလိုက်စီးရတာမျိုး လုပ်ရတယ်လို့ ဆိုပါတယ်။

မြို့ပေါ်တွေမှာလည်း ရေရှားပါးနေပြီး ဖေဖော်ဝါရီလလောက်ကစတင်ကာ ရေလုံးဝ မလာတော့တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ 

လျှပ်စစ်မီးလည်းပုံမှန်မရတဲ့အတွက် မြို့ပေါ်က ရေပေးဝေတဲ့ လုပ်ငန်းစဉ်ဟာလည်း ရပ်တန့်သွားခဲ့ တာ ၆ လနီးပါး ရှိနေပြီလို့ ဆိုပါတယ်။ 

မြို့ခံလူထုဟာ ရေပြတ်လပ်သွားတဲ့အတွက် ရေတကား (၈ ပီပါ) ကို ငွေ ၁၇,၀၀၀ ကျပ်အထိ ဈေးကြီးပေး ဝယ်သုံးခဲ့ကြရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

လွယ်ပွတ်ကျေးရွာအုပ်စု၊ တောင်ရှေ့ကျေးရွာအုပ်စုနဲ့ နောင်ကျောကျေးရွာအတွင်းက ရွာပေါင်း ၁၀၀ ကျော်ဟာ ရေရှားပါးမှုကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013