
စစ်အာဏာရှင် တော်လှန်ရေးသီချင်းတပုဒ် ဖြစ်တဲ့ “အရေးကြီးပြီ (သွေးသစ္စာ)” သီချင်းကို စစ်တပ်ဝါဒဖြန့် မြဝတီရုပ်သံမှာ "စစ်သားသွေးနီ ရှေ့သို့ချီ" အမည်ပြောင်းလဲကာ ထုတ်လွှင့်မှုအပေါ် တပ်တွင်းအသိုင်းအဝန်းကပါ ဝေဖန်နေကြပါတယ်။
သွေးသစ္စာသီချင်းရဲ့ မူရင်းအနှစ်သာရရှိတဲ့ စာသားတွေကို ပြောင်းလဲကာ အာဏာရှင်စစ်တပ် အလိုကျ စာသားတွေထည့်ပြီး ဝင်းမော်(ရွှေသံစဥ်)က ပြင်ဆင်ရေးသားပေးခဲ့ကာ ယဥ်ကျေးမှုတက္ကသိုလ်က မေဂျွန် သီဆိုထားတာကို မေ ၂၄ ရက် စစ်တပ်ပိုင် မြဝတီရုပ်သံက ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
ကက(ပြည်)နဲ့နီးစပ်သူတယောက်က “ဒီသီချင်းကို တပ်က သီချင်းဖြစ်တယ်ဆိုပြီး ဝင်းမော်(ရွှေသံစဥ်) က စိတ်ဓာတ်စစ်ဆင်ရေးက ညွှန်မှူးကို တင်ပြပြီး ပြင်ဆင်ရေးသားသီဆိုပြီး မြဝတီမှာ ပြန်လွှင့်တာ။ အဲဒီသီချင်းလွှင့်ပြီး အတော်လေးအဆဲခံရတယ်။ သွေးသစ္စာသီချင်းက လူငယ်တွေ စိတ်ဓာတ်တက်ကြွပြီး ခွန်အားဖြစ်စေတာကြောင့် တပ်က သီဆိုခွင့်ပိတ်ထားတာ။ ကိုယ်ပိုင်ဖန်တီးတာ မဟုတ်ဘဲ သူများသီချင်း ခိုးချတာ ရှက်ဖို့ကောင်းတယ်” လို့ ပြောပါတယ်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ဖြစ်တဲ့ Shwe Po Po နဲ့ Aung Sitt Thi အကောင့်တွေမှာ သွေးသစ္စာသီချင်းကို ခိုးချတဲ့အတွက် ဝင်းမော်(ရွှေသံစဥ်) ကို ဆဲဆိုထားပြီး ကက(ပြည်)အနေနဲ့ အရေးယူပေးဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။
စစ်တပ်ထောက်ခံသူ မေစစ်သွေးက “စစ်တပ်က ဘာမှမဟုတ်တဲ့ ဘောမတယောက်အတွက်ကြောင့်နဲ့ သွေးသစ္စာသီချင်းကို ပေါ်တင်ကြီးခိုးချတာကို ရှက်ဖို့လည်း ကောင်းတယ်။ ကိုယ့်သီချင်းလည်း မဟုတ်၊ ကိုယ် ရေးတာလည်းမဟုတ်ဘဲ ပြန်ဆိုရဲတဲ့ မိန်းမလည်း အံ့သြဖို့ကောင်းတယ်” လို့ သူ့ရဲ့ Tiktok မှာ တင်ခဲ့ပါတယ်။
ပြည်တွင်းတေးရေးဆရာတယောက်က “သူများသီချင်းတွေ ယူဆိုရင် ဂီတအစည်းအရုံးက အရေးယူနေတယ် ဆိုတဲ့ ဂီတအစည်းအရုံးက အခု ဆရာထူးအိမ်သင်ရဲ့ သီချင်းကို ဖြတ်ညှပ်လုပ်ပြီး စစ်တပ်သီချင်းအဖြစ် ပြောင်းပစ်တာကို အရေးမယူဘူးလား” လို့ မူပိုင်ခွင့်အပေါ် မေးခွန်းထုတ်ပါတယ်။
“အရေးကြီးပြီ” သွေးသစ္စာ သီချင်းကို ၁၉၈၈ အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်ကို တောခို တော်လှန်ခဲ့တဲ့ ကြွေလွင့်သွားပြီဖြစ်တဲ့ ဂီတပညာရှင် ထူးအိမ်သင်က ၁၉၈၉ ခုနှစ်မှာ ရေးစပ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ အဆိုတော်မွန်းအောင်က သီဆိုခဲ့ပါတယ်။
ဒီသီချင်းကို “စစ်သားသွေးနီ ရှေ့သို့ချီ” အမည်ပြောင်းကာ အာဏာရှင်စစ်တပ်ပိုင် မြဝတီရုပ်သံမှာ ပြန်လည်ထုတ်လွှင့်ဖို့ မေ ၂၀ ရက်က နေပြည်တော် အမှတ် ၂ ရုပ်သံထုတ်လွှင့်ရေးတပ်မှာ ဝင်းမော်(ရွှေသံစဥ်) အဖွဲ့နဲ့ ဗိုလ်မှူးချုပ်ရဲရင့်အောင်တို့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်ရာမှာ သွေးသစ္စာသီချင်းဟာ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားတွေ တက်ကြွစေတာကြောင့် စစ်အာဏာရှင်အဆက်ဆက် ပိတ်ပင်ခဲ့သလို ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်မှာလည်း စစ်ကောင်စီက ပိတ်ထားတာဖြစ်ပါတယ်။










