
ရခိုင်ပြည်နယ်မှာ ဇူလိုင်လဆန်းပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော် အပါအဝင် မြို့နယ် ၁၀ ခုထက်မနည်းမှာ ရေဘေးဒဏ်ကို အလူးအလဲ ခံစားခဲ့ရပါတယ်။
စစ်မက်ဒဏ်ကြောင့် နဂိုကတည်းက ဒုက္ခရောက်နေတဲ့ ဒေသခံတွေဟာ ရေဘေးဒဏ်ပါ ထပ်ခံလိုက်ရတဲ့အတွက် စားနပ်ရိက္ခာရရှိရေးအတွက်ပါ ရုန်းကန်နေရပါတယ်။
ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော၊ ဂွ၊ ရမ်းဗြဲ စတဲ့ မြို့နယ် ၁၀ ခုထက်မနည်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်ကစပြီး နှစ် ၂၀ အတွင်း အမြင့်ဆုံးစံချိန်လို့ ခန့်မှန်းရတဲ့ အဆိုးရွားဆုံး ရေဘေးဒဏ်ကို ကြုံတွေ့ခဲ့ရပါတယ်။
ရေဘေးသင့်ပြည်သူ သိန်းနဲ့ချီရှိခဲ့ပြီး ရခိုင်မှာရှိတဲ့ မြို့နယ်အများစု ရေနစ်မြုပ်ခဲ့ရသလို လူ ၇ ယောက်ထက်မနည်းလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဒါ့အပြင် သောက်သုံးရေကန်တွေ၊ လူနေအိမ်တွေ အပါအဝင် စပါးခင်းတွေလည်း ရေဘေးကြောင့် ပျက်စီးခဲ့ရပါတယ်။
စစ်အုပ်စုရဲ့ ဖြတ်လေးဖြတ် ဗျူဟာအရ ရခိုင်ပြည်နယ်ထဲကို ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ပိတ်ဆို့ခံထားရချိန်မှာပဲ ဒီ ဆိုးရွားတဲ့ ရေဘေးနဲ့ ထပ်မံကြုံတွေ့ခဲ့ရတာပါ။
အခုလို ပိတ်ဆို့ကန့်သတ်မှုတွေကြား အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးနေတဲ့ လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက သူမြင်တွေ့နေရတာတွေကို ပြောပြပါတယ်။
“နည်းနည်း ကူရာကယ်ရာမဲ့သလို ခံစားရတယ်။ ဖြစ်ခါစဆိုတော့လည်း အဖွဲ့အစည်းတွေက ချက်ချင်းကို မရောက်နိုင်ဘူး။ ဒါကြောင့် သူတို့မှာ စားရမဲ့သောက်ရမဲ့ ဖြစ်တာတွေရှိတယ်။ နောက်ပြီး စိုစွတ်ပြီးတော့ အကုန်လုံးက သုံးမရဖြစ်နေတယ်။ အဝတ်အထည်တို့ တခြား အိမ်သုံးဆောင်ပစ္စည်းတွေကလည်း သုံးမရတော့ စိတ်အားငယ်ကြတယ်။ ခိုကိုးရာမဲ့လို ဖြစ်နေကြတယ်ပေါ့နော်။ ဒီမှာက နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုကလည်း အရမ်းကိုနည်းတယ်။”
လက်ရှိမှာတော့ ရခိုင်က ရေဘေးသင့်မြို့နယ်တွေမှာ ရေပြန်ကျသွားပေမဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ၊ သောက်သုံးရေရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
မြောက်ဦးမြို့နယ်၊ ဝေသာလီရွာမှာဆိုရင်လည်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုကြောင့် သေဆုံးမှုတွေ ရှိခဲ့သလို ရေစီးနဲ့အတူ မျောပါသေဆုံးသူ ၇ ယောက်ထက်မနည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် ရေဘေးကြောင့် လယ်ဧကသိန်းချီ ရေနစ်မြုပ် ဆုံးရှုံးခဲ့ပြီး ရခိုင်ပြည်နယ်ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာလည်း အကြီးအကျယ် ပျက်စီးခဲ့ရပါတယ်။
ဒါကြောင့် ဒေသတွင်း စားနပ်ရိက္ခာပြတ်တောက်မှုနဲ့ မျိုးစပါးလိုအပ်ချက်တွေက ကြီးမားတဲ့ စိန်ခေါ်မှုအဖြစ် ရှိနေဆဲပါလို့ ရခိုင့်အားမာန်အဖွဲ့ရဲ့ ဒါရိုက်တာ ကိုခင်အောင်ဆန်းက ပြောပါတယ်။
“ရေကြီးနစ်မြုပ်သွားတဲ့အတွက် သက်ရောက်မှုအရှိဆုံးက တောင်သူတွေပါ။ တောင်သူတွေမှာ စပါးစိုက်ခင်းတွေ ဆုံးရှုံးသွားတာရှိတယ်၊ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ ဆုံးရှုံးသွားတာရှိတယ်။ အခုဆိုရင် ဈေးတွေမှာ ဟင်းသီးဟင်းရွက်တွေ မလာတော့ဘူး။ ဟင်းသီးဟင်းရွက် ရှားပါးတာတွေကို အခုကတည်းက စကြုံနေရပြီ။ ရှေ့လတွေမှာဆိုရင် ဟင်းသီးဟင်းရွက်တွေ တော်တော်များများ ပြတ်လပ်သွားတဲ့ အခြေအနေမျိုး ဆိုက်ရောက်သွားမယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက ပြည်မဘက်ကဝင်တဲ့ ဟင်းသီးဟင်းရွက်တွေရှိတယ်။ အခုဆိုရင် အဲဒီဘက်က လမ်းကြောင်းတွေကို ပိတ်လိုက်တဲ့အခါမှာ ပြည်မဘက်ကလည်း မဝင်တော့ဘူး။ ဒေသထဲမှာရှိတဲ့ တောင်သူတွေကထွက်တဲ့ အသီးအရွက်တွေကို ဒေသတခုလုံးက မှီခိုနေရတဲ့အခါမှာ အဲဒီ လယ်ယာ စိုက်ခင်းတွေ ရေမြုပ်သွားတော့ ဒီဘက်မှာ ဟင်းသီးဟင်းရွက် ပြတ်လပ်တဲ့ ပြဿနာ ကြုံတွေ့သွားတာပေါ့လေ။”
အာရက္ခတပ်တော် (AA) အပါအဝင် ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေက အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပေမဲ့ ဘက်ပေါင်းစုံ ပိတ်ဆို့ခံထားရတဲ့အတွက် အကန့်အသတ်တွေ ရှိနေဆဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှုနဲ့ ဘဏ်လုပ်ငန်းတွေ ပိတ်ဆို့ခံထားရတာဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်နေပါတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်သူတွေက ပြောပါတယ်။
ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူ တယောက်ဖြစ်တဲ့ Triple – T တည်ထောင်သူ ကိုဗစ်တာက “ရေလွှမ်းမိုးသွားတဲ့ နေရာတိုင်း၊ ဒေသတိုင်းကို လွှမ်းခြုံနိုင်ခြင်းတော့ မရှိသေးပါဘူး။ အဲဒီအတွက်လည်း ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ပုံမှန်ပြန်လည်ထူထောင်ရေး အဆင့်ကို ရောက်ဖို့ကတော့ အတော်လေး အချိန်ယူရမဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ ဆန်စပါးတွေ သိုလှောင်ထားတဲ့နေရာတွေ ကျနော်တို့ ရေမြုပ်ကုန်တယ်။ စပါးခင်းတွေ ရေမြုပ်တဲ့အထဲမှာ ပါသွားတယ်။ ဆန်စက်တွေ တချို့ပေါ့နော် ရေလွှမ်းမိုးမှုကို ခံခဲ့ရတဲ့အတွက်ကြောင့်မို့လို့ အရင်လို လည်ပတ်နိုင်ဖို့အတွက် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ စစ်ဘေးနဲ့ ရေဘေးကြားထဲမှာ ညပ်နေတဲ့ ရခိုင်ပြည်သူတွေအတွက်ကတော့ ခေါင်းအစခြေအဆုံး အကုန်လိုတယ်ဗျ။ ဘာမှ မကျန်တော့တာပေါ့နော်။ နဂိုကတည်းကမှ ဘာမှမရှိတဲ့နေရာမှာ ရေပါထပ်ကြီးတော့ ဘာမှမကျန်ဘူးလို့ ပြောလို့ရတယ်ဗျ။ အစားအသောက်တွေ ကျနော်တို့ လိုတယ်၊ အဝတ်အစားတွေ၊ ဆေးပစ္စည်းတွေ ကျနော်တို့ လိုတယ်၊ အိမ်တွေကို ပြန်ဆောက်ပေးဖို့လိုတယ်၊ ပျက်စီးသွားတဲ့ လမ်းတံတားတွေကို ပြန်ဆောက်ပေးဖို့ လိုတယ်၊ နောက် အရေးတကြီးလိုအပ်နေတာက မျိုးစပါးလိုအပ်နေတာ ရှိတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ရေစီးနဲ့အတူ မျောပါလာတဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ပြည်သူတွေ အန္တရာယ်ရှိနိုင်တဲ့အတွက်လည်း သတိထားဖို့ လိုအပ်နေပါတယ်။
ဒါကြောင့် စစ်ဘေး၊ ရေဘေး နှစ်ထပ်ကွမ်းဒုက္ခကို ခံစားနေရတဲ့ ရခိုင်ပြည်သူတွေအတွက် လက်ရှိအချိန်မှာ ကဏ္ဍပေါင်းစုံကနေ အရေးတကြီး အကူအညီတွေ လိုအပ်နေပါတယ်။
ဒါပေမဲ့ စစ်အုပ်စုရဲ့ ဖြတ်လေးဖြတ် ဗျူဟာကြောင့် အရေးပေါ်အကူအညီတွေ လက်လှမ်းမီနိုင်ရေးမှာ ကြီးမားတဲ့ စိန်ခေါ်မှုကြီးတခုအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
ကေခိုင်











