DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ မိုးတိမ်တောင်ဖြစ်ပေါ်မှုနဲ့အတူ ခြောက်သွေ့စိုက်ဆင်းလေပြင်းများ သတိထားရန်လို
DVB
·
May 27, 2023
မြန်မာနိုင်ငံ၌ မိုးတိမ်တောင်ဖြစ်ပေါ်မှုနဲ့အတူ ခြောက်သွေ့စိုက်ဆင်းလေပြင်းများ သတိထားရန်လို
Donate to DVB

မြန်မာနိုင်ငံမှာ အနောက်တောင်မုတ်သုံလေ ဝင်ရောက်ပြီးနောက် မိုးတိမ်တောင် ဖြစ်ပေါ်မှုနဲ့အတူ ခြောက်သွေ့စိုက်ဆင်းလေပြင်းကိုလည်း သတိထားဖို့လိုတယ်လို့ မိုးလေဝသပညာရှင်တွေက ပြောဆိုထားပါတယ်။

အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေ၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့ကို မေလ ၂၅ ရက်က ဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိ မုတ်သုံဝင်တဲ့ အနေအထားဟာ မြန်မာနိုင်ငံ တောင်ပိုင်းကို စတင်ဝင်ရောက်ပြီး ဇွန်လ ၁ ရက်နေ့ နောက်ပိုင်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ပဲခူးတိုင်း၊ ကယားပြည်နယ်တို့အထိ မုတ်သုံလေ ဆက်ဝင်ကာ ဇွန်လ ၂ ရက်၊ ၃ ရက်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မုတ်သုံဝင်ပြီး မိုးရာသီ ရောက်ပြီလို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

မိုးလေဝသဆိုင်ရာသုတေသီ ဦးဝင်းနိုင်က “မိုးတိမ်တောင်ဆိုတာက ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ မုတ်သုံလေ အားကောင်းလာတယ်။ အဲဒီကနေ အငွေ့ပြန်တက်လာတယ်။ ရေခိုးရေငွေ့များတဲ့အခါ ဖြစ်လာတတ်တဲ့ တိမ်တွေပေါ့နော်။ ဒီတိမ်တွေက အနောက်တောင် လေစီးကြောင်းနဲ့အတူ မြန်မာပြည်ထဲကို ဝင်လာတယ်။ ဝင်လာတယ်ဆိုတော့ မိုးဦးလေဦးမှာ မိုးတိမ်တောင်ကြီးတွေ ဖြစ်လာပြီ။ နေ့ဘက်ဆိုရင် ကျနော်တို့ မျက်စိနဲ့ မြင်ရတယ်။ ညဘက်ဆို လျှပ်စီးလျှပ်တာတွေ မြင်ရတယ်။ မိုးခြိမ်းသံတွေ ကြားရတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကျနော်တို့ ကုန်းမြေပေါ်မှာကျတော့ မိုးရာသီအစ ဖြစ်တဲ့အတွက် ခြောက်သွေ့ နေသေးတယ်။ အပူချိန်မြင့်တက်နေသေးတယ်။ အဲ့လိုအခြေအနေမျိုးမှာ ခြောက်သွေ့စိုက်ဆင်းလေပြင်း ကျတတ်တယ်။ လေပြင်းတိုက်တယ်။ စိုက်ဆင်းလေပြင်းက မုန်တိုင်းတိုက်တဲ့အချိန်မှာ တိုက်တဲ့ မုန်တိုင်း လေပြင်းနဲ့ မတူဘူး။ မုန်တိုင်းလေပြင်းက လမ်းကြောင်းတခုပဲ တိုက်တယ်။ စိုက်ဆင်းလေပြင်းက ၃၆၀ ဒီဂရီ ပတ်လည်ကို ပြန်ထွက်သွားတယ်။ လေတိုက်နှုန်းကလည်း များတတ်တယ်။ မိုးဦးလေဦး မိုးတိမ်တောင်ကြီးတွေ ဖြစ်လာတဲ့အချိန်မှာ အဓိက သတိထားရမှာ စိုက်ဆင်းလေပြင်း ကျတတ်တယ်။ ခြောက်သွေ့တဲ့အချိန်မှာ ဖြစ်တဲ့အတွက် ခြောက်သွေ့စိုက်ဆင်းလေပြင်းကို သတိထားရမယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ကချင်၊ ရှမ်း၊ မွန်၊ ကရင်ပြည်နယ်တို့မှာ မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းတာ တွေ့ရပြီး မိုးတိမ်တောင်တွေ ရွေ့လျားတဲ့ နေရာတလျှောက် မိုးရွာသွန်းတာ၊ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတဲ့ ဖြစ်စဉ်တွေကို သတိထားကြဖို့ မိုးဇလ ဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ မုတ်သုံဝင်တဲ့ အနေအထားကြောင့် တနင်္သာတိုင်းမှာ မိုးများနိုင်ပြီး လာမယ့် ၂ ရက်၊ ၃ အတွင်း စုစုပေါင်းမိုးရေချိန် ၁၀ လက်မကနေ ၂၀ လက်မလောက် ရွာသွန်းနိုင်တယ်လို့ မိုးလေဝသဆိုင်ရာ သုတေသီက ခန့်မှန်း ပြောဆိုပါတယ်။

မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က “တောင်ပိုင်းဒေသတွေက အခုကို မိုးစများနေပြီ။ မိုးစပြီး ရွာတာ များနေပြီ။ တနင်္သာရီတိုင်းဆိုလည်း ကပ္ပလီပင်လယ်ပြင်နဲ့ ကပ်နေတဲ့ ဒေသမို့လို့ အဲဒီနေရာတွေဆို မိုးရေချိန်က တချို့နေရာတွေဆို ၁၀ လက်မနဲ့ လက်မ ၂၀၊ ၂ ရက် ၃ ရက်အတွင်းမှာရမယ့် မိုးရေချိန် စုစုပေါင်း အနေအထားပေါ့။ အဲဒီအနေအထားကနေ တဖြည်းဖြည်းနဲ့ မုတ်သုံဝင်နေတဲ့ အနေအထားအလိုက် ဒေသအလိုက် အပေါ်ကို တက်လာမှာပဲ။ အပေါ်ကိုဆိုတာ တောင်ပိုင်းဒေသတွေ၊ ဧရာဝတီမြစ်ဝကျွန်းပေါ် တခုပြီးတခုပေါ့။ မိုးနည်းရေရှားဒေသတွေမှာတော့ နေရာကွက်ပြီး မိုးကြီးတာတွေပဲ ဖြစ်နိုင်မယ်။ ရှမ်းပြည်နယ်တို့၊ ကချင်ပြည်နယ်တို့ တောတောင်ထူထပ်တဲ့နေရာတွေမှာတော့ အဲဒီနေရာတွေမှာ အေးတဲ့အတွက် ဖြစ်လာမယ့် တိမ်တိုက်တွေကြောင့် မိုးရွာမယ့်အနေအထားက မိုးနည်းရေရှားဒေသထက် ပိုပြီးများတတ်တယ်။ မိုးနည်းရေရှားဒေသတွေက မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း တိုင်းဒေသကြီး ၃ ခုပေါ့”လို့ ပြောပါတယ်။

မြန်မာနိုင်ငံကို မုတ်သုံလေဝင်ရောက်ပြီးနောက် မိုးရာသီစတင်ပြီး မိုးများမယ့်နေရာတွေ၊ မိုးနည်းရေရှား ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တာတွေကြောင့် ရေကြီးရေလျှံ ဖြစ်တာ၊ တောင်ကျချောင်းရေ ကြီးနိုင်တာတွေကို သတိထားကြဖို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

မေလ တတိယ ၁၀ ရက်ပတ်အတွင်း တနင်္သာရီတိုင်းမှာ မိုးများနိုင်ပြီး စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ပဲခူးတိုင်း အရှေ့ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013