
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က ဇူလိုင် ၁၁ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ဒရုန်းနဲ့ ဗုံးတွေ ဆက်တိုက်ကြဲချနေလို့ ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးသလို ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “အင်းတော်မြို့ရဲ့ အနောက်တောင်ဘက် မဲဇာဒေသ၊ ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေးမှာရှိတဲ့ ပင်သချေရွာက စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဘက်က ဒရုန်းတွေနဲ့ ဗုံးကြဲလို့ ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးကုန်ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ရွာထိပ်က စာသင်ကျောင်းဆောင်တွေနဲ့ လူနေအိမ်တချို့လည်း ပျက်စီးခဲ့တယ်” လို့ ပြောပါတယ်။
စစ်တပ်ဘက်က အဆိုပါဘုန်းကြီးကျောင်းကို ဇူလိုင် ၁၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ဒရုန်းတွေနဲ့ ဗုံး ၆ လုံးနီးပါး ကြဲချခဲ့တာကြောင့် ကိုရင်တပါးနဲ့ စစ်ရှောင်ပြည်သူတချို့ ဒဏ်ရာရရှိခဲ့ကြပြီး နေရာရွှေ့ပြောင်းနေထိုင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာလည်း ဒရုန်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းဆောင်နဲ့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူတော့ မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် ညနေက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ အင်းတော်မြို့ရဲ့ အနောက်တောင်ဘက် မဲဇာစံပြကျေးရွာအတွင်း ဝင်ရောက်တပ်စွဲခဲ့ပါတယ်။
ဇူလိုင် ၄ ရက်နေ့မှာတော့ အနီးအနားဝန်းကျင်က နန့်သဲကျေးရွာနဲ့ အလယ်ဆိပ်ကျေးရွာတွေကို ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို လုယူသယ်ဆောင်ကာ လူနေအိမ်တချို့ကို မီးရှို့ ဖျက်ဆီးခဲ့ကြသလို ပင်သချေကျေးရွာကိုလည်း ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
အင်းတော်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “တိုက်ပွဲတွေကတော့ အခုရက်ပိုင်းလေးမှာ တိုက်ပွဲတွေ ငြိမ်နေပေမဲ့ ရန်သူ့ဘက်ကလည်း အင်းတော်မြို့ပေါ်အထိ ပြန်ရောက်နေလို့ တိုက်ပွဲတွေကတော့ ဘယ်ချိန်ပြန်ဖြစ်မလဲ ဆိုတာတော့ မပြောတတ်သေးဘူး။ ပင်သချေဘုန်းကြီးကျောင်းကို ဒရုန်းတွေနဲ့ ဗုံးကြဲတယ် ဆိုတာလည်း သူတို့ဘက်က နယ်မြေစိုးမိုးမှု လိုချင်လို့ ကျနော်တို့ဘက်က ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတယ်လို့ ထင်ပြီး ရမ်းသန်း တိုက်ခိုက်နေတာလို့ပဲ မြင်တယ်ဗျ” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်ကစလို့ ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်က အင်းတော်-ကသာလမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်စစ်ကြောင်းတွေ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အဆိုပါကားလမ်းတွေကို သီတင်း ၂ ပတ်နီးပါးကြာ ပိတ်ထားရာက ဇူလိုင် ၁၄ ရက် မနက်ပိုင်းကစလို့ ကားလမ်းတွေ ပြန်ပွင့်သွားပြီဖြစ်ပေမဲ့ အချိန်မရွေး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာနိုင်တာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ သတိနဲ့ သွားလာကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










