DVB Logo
Home
မြန်မာသတင်း
ကရင်မိန်းကလေးငယ်ကို နှိပ်စက်သူအလုပ်ရှင် ဒဏ်ငွေ ဘတ် ၄၆ သိန်းကျော် ချမှတ်ခံရ
DVB
·
July 2, 2014
ကရင်မိန်းကလေးငယ်ကို နှိပ်စက်သူအလုပ်ရှင် ဒဏ်ငွေ ဘတ် ၄၆ သိန်းကျော် ချမှတ်ခံရ
Donate to DVB

လွန်ခဲ့တဲ့ နှစ်နှစ်က အသက် ၇ နှစ်ရွယ် အိမ်ဖော်ကရင်မိန်းကလေး နောင့်အဲကို ရေနွေးပူလောင်းပြီး နှိပ်စက်ခဲ့တဲ့ ထိုင်းအလုပ်ရှင်လင်မယား ၂ ဦးကို ကမ်ဖိုင်ဖစ်ခရိုင်တရားရုံးက ဒဏ်ငွေ ဘတ်သိန်းပေါင်း ၄၀ ကျော် ချမှတ်လိုက်ပါတယ်။

[caption id="attachment_59555" align="alignright" width="300"] နောင့်အဲ နှင့်မိခင်ဖြစ်သူကို လူ့အခွင့်အရေးဖောင်ဒေးရှင်းက အလှူငွေ ပေးအပ်စဉ် နောင့်အဲ နှင့်မိခင်ဖြစ်သူကို လူ့အခွင့်အရေးဖောင်ဒေးရှင်းက အလှူငွေ ပေးအပ်စဉ်[/caption]

နှိပ်စက်ခံရသူ နောင့်အဲ ရဲ့ ခန္ဓာကိုယ်အစိတ် အပိုင်းနဲ့ မျိုးပွားအင်္ဂါပျက်စီးစေမှု၊ အလှအပပျက်ယွင်းစေ မှုတို့အတွက် ထိုင်းအလုပ်ရှင် လင်မယား နိုင်းနထိ ဒဲန်းအွန် နဲ့ နန်းဆောင် ပီယ ဝေါလ်ထမ်း တို့ကို လျော်ကြေးငွေ စုစုပေါင်း ၄,၆၀၃,၂၃၃ ဘတ် (၄၆ သိန်းကျော်)  ပေးလျော်ဖို့ ကမ်ဖိုင်ဖစ်ခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ တရားမမှုအတွက် လျော်ကြေးသာဖြစ်ပြီး နောက်ထပ် ရာဇ၀တ်မှုတွေအတွက်လည်း ကျခံရဦးမယ်လို့ နောင့်အဲရဲ့ မိဘကိုယ်စား တရားလိုအဖြစ် လိုက်ပါတောင်းဆိုပေးနေတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း တွဲဖက်အတွင်းရေးမှူးး  ခွန်ပရီဒါ ထောင်းန်ချူမ်းနုမ်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒါက တရားမမှုဖြစ်ပါတယ်။ သူ့ရဲ့ဆေးကုသစရိတ်တွေ၊ နောင်နှစ်ပေါင်း ၅၀ ထိ အလုပ်မလုပ်နိုင်တဲ့ အခွင့်အရေးဆုံးရှုံးမှုတွေ၊ ရုပ်ရည်ပျက်ယွင်းမှုတွေအတွက် ကျမတို့အဖွဲ့အစည်းက သူ့မိဘ ကိုယ်စား တရားလိုလုပ်တောင်းဆိုပေးခဲ့တာပါ။ မနှစ် စက်တင်ဘာလက စတင်လျှောက်ထားခဲ့တာဖြစ်ပါတယ်။ အခုတရားရုံးက အမိန့်ချမှတ်ပြီးတဲ့နောက် လျော်ကြေးရဖို့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး သူ့အလုပ်ရှင် ပိုင်ဆိုင်မှု၊ ဘဏ်စာရင်း၊ အိမ်ခြံမြေတွေအားလုံး ဆက်လက်စစ်ဆေး သိမ်းဆည်းသွားဖို့ဖြစ်ပါတယ်။ ရာဇ၀တ်မှုပိုင်းမှာတော့ ခရိုင်ရဲစခန်းက ဆက်လက်ဆောင် ရွက်နေပါတယ်။”

နောင့်အဲရဲ့ ခွဲစိတ်သမှုနဲ့ ကျန်းမာရေးကုန်ကျစရိတ်အ၀၀ကို အစိုးရက တာဝန်ယူပြီးဖြစ်တဲ့အတွက်  ပြန်ဆပ်စရာမလိုပေမယ့် တခြားသောဒုက္ခရောက်သူတွေကို ဆက်လက် ကူညီနိုင်ဖို့ လျော်ကြေးငွေ တချို့ကို  ဆေးရုံနဲ့ ကယ်ဆယ်ရေးဂေဟာကို ပြန်လှူပေးဖို့ရှိပြီး  ကျန်တာတွေကို  နောင့်အဲလက်ထဲ ပေးအပ်မယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူ နော်မူးဝါးသိန်းက “တကယ်တော့ သမီးက အရင်ဆုံးခံခဲ့ရပြီးပြီမဟုတ်လား။ သမီးက ငွေထက်အရေးကြီးတယ်။ ရွှေတွေငွေတွေမရှိလည်း ဘာမှမဖြစ်ပါဘူး။ မစားရမသောက်ရလည်း အဖေရယ်၊ အမေရယ်၊ သမီးရယ် တူတူနေရရင် စိတ်ချမ်းသာတယ်။  ကိုယ့်ရှေ့မှာ ကလေးအတွက် မပူရဘူးပေါ့။ ခုလည်း သမီးနဲ့တူတူမနေရသေးပါဘူး။ သူ့ကို အိမ်တွင်းမှုကျောင်းမှာထားထားတယ်။ နောက်တခါဆေးရုံသွားရဦးမယ်ပြောတယ်။ ကျမလည်း နေမကောင်းလှပါဘူး” လို့ ပြောပါတယ်။

ဖခင်ဖြစ်သူ ဦးကျော်အောင်က “သမီးဆေးရုံသွားစရာမလိုတော့ဘူးဆိုရင် ကျနော်တို့ မြန်မာပြည် ပြန်နေတော့မယ်။ ဒီမှာက မလွတ်လပ်ဘူး။ လက်မှတ်လုပ်ရတာလည်း ပိုက်ဆံတအားကုန်တယ်။ ကိုယ့်ရွာမှာပဲ လယ်ပြန်လုပ်မယ်။ နောင့်အဲကို ထိုင်းမှာမွေးပေမယ့် မြန်မာနိုင်ငံသားပဲ ပြန်လုပ်မှာပါ” လို့ ပြောပါတယ်။

နောင့်အဲရဲ့ မိဘတွေဟာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကြက်တူရွေးရွာကဖြစ်ပြီး ထိုင်းမှာ အလုပ်လာလုပ်တာ ဆယ်နှစ်ကျော်ပြီဖြစ်ပါတယ်။ လက်ရှိ ကမ်ဖိုင်ဖစ်မြို့နယ်က ကြံခင်းမှာ အလုပ်လုပ်နေကြတာပါ။ သူတို့သမီးအတွက် ရရှိထားတဲ့ အလှူငွေတွေကိုတော့ ကယ်ဆယ်ရေးဂေဟာက ဘဏ်မှာစာရင်းဖွင့်ပေးထားပြီး အမှုကိစ္စပြီးပြတ်မှ ထုတ်လို့ရမယ်လို့ ဆိုပါတယ်။

ကမ်ဖိုင်ဖစ်ခရိုင်ရဲစခန်းကို မေးမြန်းရာမှာတော့ တရားခံလင်မယားဟာ အာမခံငွေ ၁ သိန်းနဲ့ ထွက်ပြေးနေဆဲဖြစ်ပြီး  အိမ်နီးချင်းလောနိုင်ငံဘက်မှာလို့ သတင်းရထားပေမယ့် ဖမ်းလို့ မမိသေးကြောင်း၊  မမိမချင်း နှစ်ပေါင်း ၂၀ ထိ ၀ရမ်းပြေးဖြစ်နေမယ်လို့  ပြောပါတယ်။

နောင့်အဲရဲ့ ဘယ်ဘက်လက်မောင်းနဲ့ ချိုင်းကြားကပ်သွားတဲ့ ဒဏ်ရာကိုတော့ ခွဲစိတ်ကုသပြီးစီးပြီး လက်ကိုပုံမှန် လှုပ်ရှားနိုင်ပေမယ် ရင်သားထိပ် အစားထိုးခွဲစိတ်ဖို့ ကျန်ရှိနေကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်နေပြီး  ဗိဆနုလုတ်မြို့နယ် ဘန့်ဆောင်ခွဲ  စောင့်ရှောက်ရေးနဲ့ သက်မွေးဝမ်းကျောင်းမှာ ပန်းထိုးအတတ်ကို သင်ယူနေတယ်လို့ ကမ်ဖိုင်ဖစ် မိသားစုနဲ့ကလေးကယ် ဆယ်ရေးဂေဟာ တာဝန်ကျဝန်ထမ်း ခွန်ကုန့် ဒုန်းအမွန်း က ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ အသက် ၁၅ နှစ်ရွယ် နောင့်အဲဆိုသူ မိန်းကလေးဟာ အသက် ၇ နှစ်ရွယ်က  မြန်မာရွှေ့ပြောင်းအလုပ်သမားမိဘတွေနဲ့ အတူနေထိုင်စဉ်  အလုပ်ရှင်ရဲ့ သမီးနဲ့ သားမက်ဖြစ်သူရဲ့ ဖြားယောင်းခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။ သူဟာ ကျွန်လိုခိုင်းစေခံရပြီး ခွေးလှောင်အိမ်ထဲထည့်ကာ ရေနွေးပူနဲ့လောင်းချခံရတဲ့အတွက် အိမ်နီးချင်းတွေက ကယ်ဆယ်ရေးဂေဟာကို ပို့ဆောင်ပေးလို့  ၅ နှစ်ကြာမှ မိဘတွေနဲ့ပြန်တွေ့ရတာပါ။

သူ့ကို နှိပ်စက်ခဲ့တဲ့ ထိုင်းအလုပ်ရှင်လင်မယား ၂ ဦးဟာ  တပါးသူနာကျင်စေအောင် နှိပ်စက်ညှဉ်းပန်းမှု၊ လူကုန်ကူးမှု၊ တရားမ၀င်အလုပ်သမားငှားရမ်းမှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု စတဲ့အမှုတွေနဲ့ ထွက်ပြေးလွတ်မြောက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013