မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မြင်းခြံဗဟိုအကျဥ်းထောင်မှာ မေ ၂၁ ရက်ကနေ ၂၃ ရက်အထိ စစ်ကောင်စီတပ်သားနဲ့ ရဲတွေက နိုင်ငံရေးအကျဥ်းသား ၁၁ ဦးကို ခေါ်ထုတ် ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သိရပါတယ်။
မြင်းခြံဗဟိုအကျဥ်းထောင်ထဲက နိုင်ငံရေးအကျဥ်းသား ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကိုဥက္ကာ၊ ကိုကျော်တင့်ဦး၊ ကိုအောင်မျိုးသန့်၊ ကိုဇော်လှိုင်း၊ ကိုစိုးရာဇာထွန်းလွင်၊ ကိုမင်းရဲထွေး (ခ) မင်းသွေးနဲ့ ကိုကျော်စိုးတင့်တို့ကို အကျဥ်းထောင်ဝန်ထမ်းတွေက ခေါ်ထုတ်သွားပြီး ထောင်ပိုင်ရုံးခန်းထဲမှာ စစ်သားနဲ့ ရဲတွေက ရိုက်နှက်စစ်ဆေးခဲ့တာလို့ မုံရွာစီးပွားရေးတက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌ ကိုရှင်းသန့်က ပြောပါတယ်။
“ထောင်ပိုင်ရုံးခန်းထဲမှာ ခေါ်စစ်နေတယ်၊ စစ်သားနဲ့ ရဲတွေ စစ်နေတာ။ ညွှန်မှူးတွေ ညွှန်ချုပ်တွေကော ရောက်နေတယ်လို့ ကြားထားတယ်။ ဖုန်းကိုရှာပြီး စစ်နေတယ်လို့ ထင်တယ်။ ဖုန်းကို မိထားတာတော့ မဟုတ်ဘူး၊ ဖုန်းရှာတဲ့ အနေအထားနဲ့ စစ်နေတာပေါ့။”
နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ပိုင်ရုံးခန်းထဲမှာ ခေါ်ယူရိုက်နှက် စစ်ဆေးတာကြောင့် နိုင်ငံရေးအကျဉ်းသားတဦး ကျဆုံးတယ်လို့ သတင်းသိထားရပေမဲ့ အလောင်းထုတ် သင်္ဂြိုဟ်တာတော့ မတွေ့ရသေးဘူးလို့ ပြောပါတယ်။
မြင်းခြံဗဟိုအကျဥ်းထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေကို ခေါ်ထုတ်စစ်ဆေးတာနဲ့ ပတ်သက်ပြီး သတင်းပေါက်ကြားမှာကို စိုးရိမ်တာကြောင့် ထောင်ဝန်ထမ်းတွေရဲ့ အထိုင်စကားပြောစက်တွေကိုလည်း သိမ်းထားတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ပိုင်က အကြောင်းပြချက်မပေးဘဲ ခေါ်ယူစစ်ဆေးတာကြောင့် တခြား ကျန်ရှိနိုင်ငံရေးအကျဥ်းသားတွေက အစာငတ်ခံ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။