
လျှပ်စစ်မီးပျက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်ခဲ့တဲ့ ဟစ်ပ်ဟော့ပ် အဆိုတော် ဗျူဟာကို မေ ၂၃ ရက် ညမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်၊ ဗထူးအိမ်ရာ ၂ မှာ လာဖမ်းသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြောက်ဒဂုံမှာ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်တာနဲ့ပတ်သက်ပြီး NLD အစိုးရလက်ထက်နဲ့ စစ်အစိုးရလက်ထက် လျှပ်စစ်မီးရရှိမှု ကွာခြားပုံကို နှိုင်းယှဥ်ပြောဆိုခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတာလို့ အိမ်ရာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အုပ်ချုပ်ရေးတွေရော၊ ရဲတွေရော၊ စစ်တပ်ရော လာဖမ်းသွားတာ၊ ရိုက်နှက်ပြီးဖမ်းသွားတယ်။ စိတ်ထဲတော့ မကောင်းဘူး။ အမှန်တရားကို ပြောလို့မရတဲ့ခေတ် ဖြစ်နေပြီ။”
လတ်တလောမှာ အဆိုတော်ဗျူဟာကို စစ်ကောင်စီတပ်က ဘယ်နေရာမှာ ဖမ်းဆီးထားတယ် ဆိုတာကို မသိရတဲ့အတွက် မိသားစုဝင်တွေ စိတ်ပူနေကြတယ်လို့ အမည်မဖော်လိုသူ အဆိုတော်တဦးက ဒီဗွီဘီကို ပြောပါတယ်။
အဆိုတော်ဗျူဟာအနေနဲ့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရန်ကုန်မြို့ကို လျှပ်စစ်မီး ၅ နာရီခြား ခွဲတမ်းပေးတာတောင် စောက်ဖြစ်ရှိအောင် မပေးနိုင်တော့တဲ့ ကောင်တွေကို မီးပျက်လို့ ဆဲတယ်ကွာဆိုတဲ့ စာသားနဲ့တကွ ဗွီဒီယိုဖိုင်ကို တင်ခဲ့တာဖြစ်ပါတယ်။