DVB Logo
Home
မြန်မာသတင်း
မြန်မာ အပါအဝင် မဟာမဲခေါင်ဒေသတွင် အပင်နှင့် တိရစ္ဆာန်မျိုးစိတ်အသစ် ၃၈၀ ရှာဖွေတွေ့ရှိ
DVB
·
May 24, 2023
မြန်မာ အပါအဝင် မဟာမဲခေါင်ဒေသတွင် အပင်နှင့် တိရစ္ဆာန်မျိုးစိတ်အသစ် ၃၈၀ ရှာဖွေတွေ့ရှိ
Donate to DVB

၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း မြန်မာ အပါအဝင် မဟာမဲခေါင်ဒေသတွင်းနိုင်ငံတွေမှာ အပင်နဲ့ သဘာဝတောရိုင်းတိရစ္ဆာန်မျိုးစိတ်အသစ် စုစုပေါင်း ၃၈၀ ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သဘာဝဝောာရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးရန်ပုံငွေအဖွဲ့ (WWF)က ထုတ်ပြန်ပါတယ်။

အရှေ့တောင်အာရှဒေသထဲက မဟာမဲခေါင်ဒေသခွဲအတွင်း အသစ်ရှာဖွေတွေ့ရှိရကြောင်း WWF က ထုတ်ပြန်လိုက်တဲ့ မျိုးစိတ်သစ် ၃၈၀ ထဲမှာ အရောင်းပြောင်းတောက်တဲ့မျိုးစိတ်သစ်တစ်ခု၊ လင်းနို့မျိုးစိတ်သစ်တစ်ခု၊ တရုတ်ဒဏ္ဍာရီထဲက နတ်ဘုရားမ နာမည်မှည့်ပေးထားတဲ့ အဆိပ်ပြင်း မြွေမျိုးစိတ်သစ်တစ်ခု၊ တုတ်ထိုးရုပ်နဲ့တူတဲ့ သစ်ခွမျိုးစိတ်သစ်တစ်ခု၊ ရေညှိလိုပုံစံ အရေခွံရှိတဲ့ သစ်ကပ်ဖားမျိုးစိတ်သစ်တစ်ခု စတာတွေ ပါဝင်ပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ ကမ္ဘာအနှံ့မှာရှိတဲ့ တက္ကသိုလ်တွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အစည်းတွေနဲ့ သုတေသနအဖွဲ့အစည်းတွေက သိပ္ပံပညာရှင် ရာပေါင်းများစွာတို့ကနေ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အပင်မျိုးစိတ်သစ် ၂၉၀၊ ငါး မျိုးစိတ် ၁၉ ခု၊ ကုန်းနေ ရေနေ သတ္တဝါမျိုးစိတ်သစ် ၂၄ ခု၊ တွားသွားသတ္တဝါ မျိုးစိတ်သစ် ၄၆ ခု၊ နို့တိုက်သွေးနွေးသတ္တဝါမျိုးစိတ်သစ်တစ်ခုတို့ကို မှတ်တမ်းတင်ဖော်ပြထားပါတယ်။

ထပ်မံတွေ့ရှိရတဲ့မျိုးစိတ်သစ်တွေ ပေါင်းလိုက်မယ်ဆိုရင် ၁၉၉၇ ခုနှစ်ကနေ စတင်ကာ မှတ်တမ်းတင်ခဲ့တဲ့ မဟာမဲခေါင်ဒေသရဲ့ စာရင်းမှာ စုစုပေါင်းမျိုးစိတ် ၃၃၈၉ ခုရှိသွားပြီ ဖြစ်ပါတယ်။

“မဟာမဲခေါင်ဒေသဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဇီဝမျိုးစိတ်မျိုးစုံကိုတွေ့ရတဲ့ နေရာဖြစ်ပေမဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမယ့် ခြိမ်းခြောက်မှုတွေနဲ့လည်း ရင်ဆိုင်နေရတယ်” လို့ WWF ရဲ့ အာရှမျိုးစိတ်များဆိုင်ရာကျွမ်းကျင်သူ နီလန်ဂါဂျေယေစင်ဂါက ပြောပါတယ်။

“အဲဒါကြောင့် တချို့သောမျိုးစိတ်တွေဟာ သူတို့ရှိခဲ့တယ်ဆိုတာကို ကျမတို့ မသိလိုက်ခင်မှာပဲ မျိုးသုဉ်းပျောက်ကွယ်သွားကြတာမျိုးမဖြစ်အောင် ကျမတို့က သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ကြည့်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေဖို့ အလွန်အရေးကြီးပါတယ်။”

လူတွေရဲ့ လုပ်ရပ်တွေကြောင့် မျိုးစိတ်အတော်များများဟာ မျိုးသုဉ်းတော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုရှားပါးပြီး အံ့ဩစရာကောင်းတဲ့ သတ္တဝါနဲ့ အပင်မျိုးစိတ်လေးတွေနဲ့ သူတို့ရဲ့ မှီခိုရှင်သန်ရာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးကြဖို့ ဒေသတွင်းက အစိုးရတွေကို WWF က တောင်းဆိုတိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

WWF ဟာ မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အစိုးရတွေ၊ ဒေသခံ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒီလိုရှားပါးတဲ့ ဒေသခံမျိုးရင်းလေးတွေနဲ့ သူတို့ မှီတင်းနေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ပေးနိုင်မယ့် စီမံကိန်းတွေ ရေးဆွဲဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

လူသိများ ထင်ရှားတဲ့ အာရှဆင်တွေ၊ ဧရာဝတီလင်းပိုင်တွေနဲ့ ကျားတွေအပြင် သူတို့ မှီတင်းနေထိုင်ရာ သစ်တောတွေ၊ မြစ်တွေနဲ့ ပင်လယ်တွေကိုလည်း WWF အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုကို တားမြစ်နိုင်ဖို့ရည်ရွယ်ပြီး သားရိုင်းတိရစ္ဆာန် ဖမ်းဆီးမှုတွေ၊ သားရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်တွေ၊ အင်တာနက်ပေါ်က သားရိုင်းတိရစ္ဆာန် ရောင်းချမှုတွေအပြင် သားရိုင်းတိရစ္ဆာန်မှောင်ခိုမှုနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ဘဏ္ဍာရေး ရာဇဝတ်မှုတွေကို အရေးယူရှင်းလင်းနိုင်ရေးအတွက် WWF အဖွဲ့ဟာ စောင့်ကြည့်နယ်မြေနဲ့ ကွန်ရက်ကျယ်ပြန့်ခိုင်မာလာစေရေးတို့ကို ဆောင်ရွက်နေကြောင်း သိရပါတယ်။

ကချင်ပြည်နယ်မြောက်ပိုင်းမှာ တွေ့ရတဲ့ အပင်မျိုးစိတ်သစ် ၂ ခု၊ ချင်းတွင်းနဲ့ ဧရာဝတီမြစ်ဝှမ်းဒေသတွေမှာ တွေ့ရတဲ့ ငါးမျိုးစိတ်သစ် ၁ ခု၊ အိန္ဒိယသမုဒ္ဒရာထဲက ပင်လယ်ပြင်မှာ တွေ့ရတဲ့ ငါး မျိုးစိတ်သစ် ၁ ခု၊ စစ်ကိုင်းတိုင်း ယုမြစ်ထဲမှာ တွေ့ရတဲ့ ငါးမျိုးစိတ်သစ် ၁ ခု၊ ပဲခိုးရိုးမထဲက မြစ်တွေ ချောင်းတွေနားမှာ နေထိုင်တဲ့ ဖားမျိုးစိတ်သစ်တစ်ခု၊ ကချင်ပြည်နယ်ရဲ့ တောတွေထဲက မြစ် ချောင်းတွေထဲမှာ တွေ့ရတဲ့ မြွေမျိုးစိတ်တစ်ခု၊ စစ်ကိုင်းတိုင်း ထမံသီဘေးမဲ့တောထဲမှာ တွေ့ရတဲ့ တောက်တဲ့မျိုးစိတ်သစ်တစ်ခုတို့ကို မြန်မာနိုင်ငံကနေ တွေ့ရှိရတဲ့ အပင်နဲ့ တိရစ္ဆာန်မျိုးစိတ်သစ်တွေအဖြစ် အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

မဟာမဲခေါင်ဒေသခွဲ အဖွဲ့ကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ် ( ADB) ရဲ့ အကူအညီနဲ့ ၁၉၉၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံ (ယူနန်ပြည်နယ်)၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါတယ်။ 

Photo-WWF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013