
မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့် မြန်မာပြည်သူတွေအတွက် ထိုင်းဘုရင်နဲ့ မိဘုရားက လှူဒါန်းတဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးပစ္စည်းတွေ တန်ချိန် ၂၀ လောက် တင်ဆောင်လာတဲ့ အထူးလေယာဉ် ၂ စီး မေလ ၂၃ ရက်မနက်က ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဆိုက်ရောက်လာတယ်လို့ ထိုင်းဘုရင့်လေတပ်က သတင်းထုတ်ပြန်ပါတယ်။

ထိုင်းတော်ဝင်လေတပ်က C-130 လေယာဉ်နှစ်စင်းနဲ့ တင်ဆောင်လာတဲ့ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေထဲမှာ ယာယီတဲနဲ့ အမိုးအကာတွေ၊ စောင်တွေ၊ မျက်နှာသုတ်ပဝါတွေ၊ ဆိုလာမီးအိမ်တွေ၊ ကယ်ဆယ်ရေးအိတ်တွေ၊ ဆေးစိမ်ခြင်ထောင်၊ ငါးသေတ္တာနဲ့ အသင့်စားခေါက်ဆွဲခြောက်တွေ ပါဝင်လာတာဖြစ်ပါတယ်။
ရန်ကုန်လေဆိပ်သို့ရောက်ရှိလာတဲ့ အကူအညီပစ္စည်းတွေကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာမုံခွန်း ဝိစစ်စတန်က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားပါတယ်။
Photo-Royal Thai Air Force










