DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းများကို မူလသတ်မှတ်ရက်အတိုင်း ဖွင့်လှစ်မည်
DVB
·
May 23, 2023
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းများကို မူလသတ်မှတ်ရက်အတိုင်း ဖွင့်လှစ်မည်
1 / 5
Donate to DVB

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံပညာစာသင်ကျောင်းတွေကို မူလသတ်မှတ်ထားတဲ့အတိုင်း ဖွင့်လှစ်သွားမယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးကနေ သိရပါတယ်။

မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်က မြို့နယ်အများအပြားမှာ အခြေခံပညာစာသင်ကျောင်း ၂,၀၀၀ ကျော်လောက် ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါ‌ပေမဲ့ အခြေခံပညာ စာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရက်နဲ့ ကျောင်းစဖွင့်ရက်ကို ပုံမှန်ကျောင်းဖွင့်ရက်ဖြစ်တဲ့ ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

“မုန်တိုင်းကြောင့် ကျောင်းတွေ ပျက်စီးသွားတာတွေ ရှိရင်လည်း ပညာသင်နှစ် ကျောင်းအပ်လက်ခံရက်နဲ့ ကျောင်းဖွင့်ရက်ကို ပုံမှန်အတိုင်း မေလ ၂၃ ရက်နေ့ ကျောင်းအပ် လက်ခံပြီး ဇွန်လ ၁ ရက်နေ့မှာ ကျောင်းဖွင့်သွားမှာဖြစ်ပါတယ်။ ခရိုင်၊ မြို့နယ်တွေကိုလည်း ညွှန်ကြားထားပြီးဖြစ်တယ်။ ကျောင်းတွေကိုတော့ အမြန်ဆုံး ပြုပြင်နိုင်ဖို့ ကြိုးစားနေကြတယ်။ လုံးဝပြိုသွားတဲ့ ကျောင်းတွေကိုတော့ ယာယီကျောင်းဆောင်တွေဆောက်ပြီး စာသင်ကြဖို့ စီစဉ်ထားတယ်။”

လက်ရှိမှာ ပြုပြင်လို့ရမယ့်ကျောင်းတွေနဲ့ လုံးဝ အသစ်တည်ဆောက်ရမယ့် ကျောင်းတွေကို စာရင်းကောက်ယူနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျောင်းဆောင်တချို့ လုံးဝပြိုပျက်သွားတာကြောင့် ကျောင်းမှာစာသင်ဖို့ အခက်အခဲတွေရှိနေပြီး ကျေးရွာဘုန်းကြီးကျောင်းမှာ ကျောင်းအပ်လက်ခံဖို့ စီစဉ်ထားတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အလယ်တန်းကျောင်းအုပ်ဆရာတဦးက ပြောပါတယ်။

“ကျနော်တို့ကျောင်းမှာတော့ ကျောင်းဆောင်တဆောင်က လုံးဝကို ပြိုသွားတယ်။ ဘယ်လိုမှ ကျောင်းတက်လို့မရတော့ဘူး။ ကျောင်းအပ်လက်ခံရမယ့် ရက်ကိုလည်း ရောက်ပြီဆိုတော့ လောလောဆယ် ကျေးရွာက ဘုန်းကြီးကျောင်းမှာပဲ လက်ခံဖို့ စီစဉ်ထားတယ်။ ယာယီအဆောင်ကတော့ အထက်ကညွှန်ကြားချက်ကို စောင့်ရဦးမယ်။”

ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ အခြေခံပညာစာသင်ကျောင်း ရာနှုန်းပြည့် ပျက်စီးခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ပေါက်တော၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာလည်း အများအပြား ပျက်စီးခဲ့ကြပါတယ်။

လက်ရှိမှာ စာသင်ကျောင်းတွေ ပြုပြင်နေတာ မတွေ့ရသေးဘဲ ကျောင်းတက်ရမယ်ဆိုရင် ယာယီအဆောက်အဦတွေ အရေးတကြီး လိုအပ်တယ်လို့ စစ်တွေမြို့ခံ ဦးသန်းဌေးက ပြောပါတယ်။

“ကျနော်တို့ စစ်တွေမှာတော့ စာသင်ကျောင်းတွေ ပြုပြင်တာတွေ သိပ်မတွေ့ရသေးဘူး။ တချို့ အထက်တန်းကျောင်းတွေက ပျက်စီးခဲ့တဲ့ အဆောင်တွေရှိသလို အသစ်ဆောက်ပြီးစ အဆောင်တွေ အကောင်းကျန်ခဲ့တာတွေ တွေ့ရတယ်။ အဲလိုကျောင်းတွေဆိုရင် နှစ်သုတ် ခွဲတက်လို့ရပေမဲ့ နယ်ကျောင်းတွေဆိုရင် လုံးဝပြိုသွားတဲ့ ကျောင်းတွေရှိတယ်။ အဲဒီကျောင်းတွေဆိုရင် ယာယီကျောင်းဆောင်တွေ အရေးတကြီး လိုအပ်တယ်။”

ရခိုင်ပြည်နယ်မှာ အခြေခံပညာ စာသင်ကျောင်းတေွ မူလအတိုင်း ပြန်လည်ဖွင့်လှစ်သွားမယ်လို့ စီစဉ်ထားပေမဲ့ စာသင်ကျောင်းတွေကို ပြန်လည်ပြုပြင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မေ ၁၈ ရက်က ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျောင်းသားဦးရေ များပြားတဲ့ အထက်တန်းကျောင်းတွေကို ဦးစားပေး ပြုပြင်ကြဖို့ ညွှန်ကြားခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013