
သီလ၀ါ အထူးစီးပွားရေးဇုန်မှာ နောက်ထပ် အကောင်အထည်ဖော်မယ့် ဧရိယာ ဟက်တာ ၂ ထောင်နဲ့ ပတ်သက်တဲ့ မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဆန်းစစ်ခြင်း လုပ်နေပြီလို့ ဇုန်စီမံခန့်ခွဲမှုကော်မတီရဲ့ တွဲဘက်အတွင်းရေးမှူး ဒေါက်တာ ဒေါ်သန်းသန်းသွယ်က ပြောပါတယ်။
ဇွန် ၃၀ ရက်နေ့က သံလျင် သီလ၀ါ အထူးစီးပွားရေးဇုန် ယာယီစီမံခန့်ခွဲရေးရုံးမှာ ကျင်းပတဲ့ သဘာဝပတ်ဝန်းကျင် ဆန်းစစ်ခြင်းနဲ့ ဒေသခံတွေ တွေ့ဆုံပွဲမှာ သူက ခုလို ပြောလိုက်တာပါ။
သူတို့အဖွဲ့အနေနဲ့ ဧရိယာ ဟက်တာ ၂ ထောင်အ တွက် လေထု၊ မြေထု နဲ့ ရေထု အခြေ အနေ၊ ချောင်းရေ၊ မြောင်း ရေနဲ့ ကန်ရေတွေ ကို လေ့လာ ဆန်းစစ်ခဲ့ပြီး ပေါက်ရောက်နေတဲ့ အပင်၊ သားငှက် တိရစ္ဆာန်တွေနဲ့ ယာဉ်သွားလာမှုတွေကိုပါ ဆန်းစစ်ခဲ့တယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးလင်းကိုကလည်း ပြောပါတယ်။
သဘာဝပတ်ဝန်းကျင် မထိခိုက်စေဖို့အတွက်လည်း နဂို စီမံကိန်း ရေးဆွဲချိန်တုန်းက သတ်မှတ်ထားတဲ့ မြေအသုံးချမှု အစီအစဉ်တွေကိုပါ ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။
အခုနောက်ဆုံး သတ်မှတ်ထားတဲ့ မြေအသုံးချမှုမှာ ဒီရေတော ပျံ့နှံ့မှု ပုံမှန်ဖြစ်စေရေး အတွက်ကိုပါ ရည်ရွယ်ပြီး စက်မှုလုပ်ငန်းအတွက် ဟက်တာ ၁ ထောင် အောက် လျော့ချခဲ့ကြောင်း ဦးလင်းကိုက ရှင်းပြပါတယ်။











