Home
မြန်မာသတင်း
မိုခါမုန်တိုင်းဒဏ်သင့် မြန်မာလူထုအတွက် တရုတ်၊ ကိုးကန့်နှင့် ထိုင်းက အလှူငွေနှင့် ပစ္စည်းများ ပေးအပ်
DVB
·
May 22, 2023
348614850_264257159331597_2142251764281040843_n
348545712_185023357829137_8674642604406679866_n-1
348234031_959475735233158_9086665944784757170_n
347594391_714062164060874_4245477277693033336_n
347242158_774742327423204_4852712711831606969_n
347237091_798019798332933_2269459890433572873_n
347813675_587024040242166_6129309502184082367_n
348545712_185023357829137_8674642604406679866_n

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံက သဘာဝဘေးသင့်ပြည်သူတွေအတွက် ယွမ် ၁ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းတွေကို  မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက စစ်ကောင်စီထံ  မေလ ၂၀ ရက်က လှူဒါန်းပေးအပ်လိုက်ပါတယ်။

မြန်မာပြည်သူတွေအတွက် ပေးအပ်တဲ့ ပစ္စည်းတွေထဲမှာ ခေါက်ဆွဲခြောက် ၉၃၀ ပုံး၊ ဘီစကစ် ၄၁၇ ပုံး၊ သောက်သုံးရေ ၃၆၆၇ ပုံး ပါဝင်ပြီး လှူဒါန်းပေးအပ်ပွဲအခမ်းအနားမှာ သံရုံး ယာယီတာဝန်ခံ  Jia Junjie က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံ ပေးအပ်လိုက်တာလို့ ရန်ကုန်ရှိ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

လတ်တလောမှာ POWERCHINA ၊ CITIC ၊ PetroChina ၊ VPower ၊ Conch Cement စတဲ့ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီတွေကလည်း မြန်မာပြည်သူတွေကို ထောက်ပံ့ပစ္စည်းတွေနဲ့ ငွေသားတွေ လှူဒါန်းခဲ့ပြီး ပျက်စီးသွားတဲ့  လမ်းတံတားတွေ၊ လျှပ်စစ်၊ ဆက်သွယ်ရေး စတဲ့ အခြေခံအဆောက်အအုံတွေပြန်လည်ပြုပြင်ရေး ပံ့ပိုးကူညီပေးနေတယ်လို့ ဆိုပါတယ်။

ကိုးကန့်ဒေသ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း  ရန်ကုန်ကွပ်ကဲရေးစစ်ဌာနချုပ် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ မေ ၂၀ ရက် မနက်က မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသအတွက် အလှူငွေ ကျပ် သိန်း ၆၀၀၀ ပေးအပ်ခဲ့ရာမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို လှူဒါန်းတဲ့အခမ်းအနားကို လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိအကြီးအကဲတွေ ကိုးကန့် အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

လှူဒါန်းရာမှာ ကိုးကန့်လူမျိုးအားလုံးကိုယ်စား အလှူငွေ သိန်း ၁,၀၀၀ ကျပ်၊ ပယ်စိမ်းကုမ္ပဏီအုပ်စုက အလှူငွေ သိန်း ၁,၀၀၀ ကျပ်၊ ဖူလီလိုက်ကုမ္ပဏီအုပ်စုက အလှူငွေ သိန်း ၁,၀၀၀ ကျပ်၊ ဦးဝေချင်ဆုန်က အလှူငွေ သိန်း ၁,၀၀၀ ကျပ်၊ ကိုးကန့်ချစ်ကြည်ရေး လျှပ်စစ်ဓာတ်အားကုမ္ပဏီက အလှူငွေ သိန်း ၁,၀၀၀ ကျပ်၊ ဟိန်းလီကုမ္ပဏီအုပ်စု အလှူငွေ သိန်း ၁,၀၀၀ ကျပ်၊ စုစုပေါင်း ကျပ်သိန်း ၆,၀၀၀ ဖြစ်တယ်လို့လည်း သိရပါတယ်။

မီးသတ်ဦးစီးဌာနက ဦးဆောင်ပြီး ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ ကိုးကန့်လူမှုကယ်ဆယ်ရေးအသင်း အပါအဝင် ပရဟိတအဖွဲ့ ၇ ခုက စုစုပေါင်း ပရဟိတ အဖွဲ့ဝင် ၂၀ ဦး၊ မော်တော်ယာဉ် ၇ စီးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ရခိုင်ပြည်နယ်ကို သွားရောက်နေတယ်လို့လည်း ကိုးကန့်သတင်းတွေအရ သိရပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) (ကိုးကန့်) အဖွဲ့တွေက ရက္ခိုင့်တပ်တော် (ULA/AA) အစိုးရဆီ တိုက်ရိုက်လှူဒါန်းတာလည်းရှိပါတယ်။

အလားတူ ထိုင်းအစိုးရနဲ့ ပြည်သူတွေကလည်း “မိုခါ”မုန်တိုင်းဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို မေလ ၂၂ ရက်မနက်က ဘန်ကောက်မြို့၊ အစိုးရအိမ်တော်မှာအခမ်းအနားနဲ့ ပေးအပ်လိုက်ပါတယ်။ 

အခမ်းအနားမှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးချစ်ဆွေထံသို့ လှူဒါန်းပစ္စည်း တန်ချိန် ၁၆ တန်ခွဲလောက်ကို  လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

မေလ ၁၄ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဦးတည် တိုက်ခတ်သွားတဲ့ မိုခါ မုန်တိုင်းကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးသွာခဲ့ပြီး နေအိမ်တွေ အဆောက်အဦတွေ သိန်းနဲ့ချီ ထိခိုက်ပျက်စီးသွားပါတယ်။

Photo credit ကိုးကန့်သတင်းဌာန

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024