DVB Logo
Home
မြန်မာသတင်း
ဝင်းကလောလမ်းဆုံကို စစ်တပ်ကဖျက်ဆီး၊ မဲပလီစခန်း တိုက်ခိုက်ခံရ၊ စစ်ရေးမတည်ငြိမ်သဖြင့် မွန်ခရီးသွားလုပ်ငန်းများ အရှုံးပေါ်
DVB
·
May 22, 2023
ဝင်းကလောလမ်းဆုံကို စစ်တပ်ကဖျက်ဆီး၊ မဲပလီစခန်း တိုက်ခိုက်ခံရ၊ စစ်ရေးမတည်ငြိမ်သဖြင့် မွန်ခရီးသွားလုပ်ငန်းများ အရှုံးပေါ်
Donate to DVB

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ကနေ ကင်မွန်းစခန်းကြားထဲမှာရှိတဲ့ အာရှလမ်းမကြီးပေါ်က ဝင်းကလောလမ်းဆုံကို စစ်တပ်က မေ ၂၀ ရက်ညက ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်ဖွဲ့ဝင် အင်အား ၂၀ လောက်က မေ ၂၀ ရက် ညနေပိုင်းလောက်က ဝင်းကလော လမ်းဆုံကို ရောက်လာပြီး လက်နက်ကြီးတွေနဲ့ နေရာယူခဲ့ကာ ညပိုင်းမှာတော့ မြေတူးစက်တွေ သုံးပြီး လမ်းကို ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီလမ်းဟာ ကျေးရွာပေါင်း ၁၅ ရွာလောက်က အဓိက သုံးနေတာဖြစ်ပြီး အခုလို ဖျက်ဆီးခံရတဲ့ အတွက် ဒေသခံတွေအနေနဲ့ မြို့ပေါ်တက်ပြီး ဈေးဝယ်သွားဖို့ အခက်ခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

အခုဖျက်ဆီးခံလိုက်ရတဲ့ လမ်းပိုင်းဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ ထိန်းချုပ်ရာနယ်မြေဖြစ်ပြီး ကျိုက်ထိုမြို့ပေါ်ကိုလည်း သွားလို့ရသလို ဘီးလင်းမြို့ပေါ်ကိုလည်း သွားလို့ရတဲ့ အရေးပါတဲ့ လမ်းဖြစ်တာကြောင့် စစ်ရေးအရ စိုးရိမ်စရာတွေရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မေ ၁၉ ရက် ညကလည်း ကင်မွန်းစခန်းကနေ ဆောင်နိုင်ကြီးကျေးရွာကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းကို စစ်တပ်က ဖျက်ဆီးခဲ့ပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် မဲပလီစစ်တပ်စခန်းကို ကျိုက်ထိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မေ ၂၁ ရက်မှာ ဒရုန်းနဲ့  ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထို KRF ပူးပေါင်းအဖွဲ့တွေက ပြောပါတယ်။

မဲပလီတပ်စခန်းကို  မနက် ၉ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ  ဒရုန်းနဲ့ ဗုံးသီး ၂ လုံး တိုက်ခိုက်ခဲ့ပြီး  နောက် ၉ နာရီ မိနစ် ၃၀ လောက်မှာ ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထို PDF တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

တိုက်ခိုက်မှု ၂ ကြိမ်လုံး စစ်ကောင်စီရဲ့တပ်စခန်း ပစ်မှတ်နေရာတွေမှာ ကျရောက်ထိမှန်ခဲ့ပေမဲ့ ထိခိုက်ကျဆုံးအခြေအနေကို  အသေးစိတ် မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ဆင်ရေးတွေပြီးတာနဲ့ ကျိုက်ထို တော်လှန်ရေးအင်အားစုတွေဘက်က အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာတယ်လို့ ပြောပါတယ်။ 

မေ ၁၈ ရက် မနက် ၇ နာရီ ၁၀ မိနစ်လောက်ကလည်း မဲလံဘက်မှ ဆင်းလာတဲ့ စစ်ကြောင်းနဲ့  KRF တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ နယ်ခြားရွာနားမှာ ၁၂ မိနစ်အကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ KRF ပူးပေါင်းအဖွဲ့က သိရပါတယ်။ 

လတ်တလော မွန်ပြည်နယ်ထဲက ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်ကြား တကျော့ပြန် တိုက်ပွဲတွေ ဖြစ်လာနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အကြာ စစ်ရေး တည်ငြိမ်မှု မရှိတဲ့ မွန်ပြည်နယ်ထဲမှာ ခရီးသွား လုပ်ငန်းအပါအဝင် ဟိုတယ်နဲ့ တည်းခိုခန်း လုပ်ငန်းရှင်တွေ အရှုံးပေါ်နေတယ်လို့ ဒေသ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုဟာလည်း အရင်ကထက် သိသိသာသာ ကျဆင်းလာခဲ့တယ် ရေးမြို့နယ်က ဟိုတယ်လုပ်ငန်းရှင် တဦးက ပြောပါတယ်။ 

အရင်က မွန်ပြည်နယ်က သမိုင်းဝင်ဘုရားတွေ၊ ပင်လယ်ကမ်းခြေ အပန်းဖြေ စခန်းတွေဘက်ကို ခရီးသွားတွေ အလည်ပတ်များခဲ့ပေမဲ့ တိုက်ပွဲတွေဖြစ်နေတာကြောင့်  ခရီးသွားလုပ်ငန်းကို မှီခိုလုပ်ကိုင်နေကြတဲ့ အမှတ်တရအရောင်းဆိုင်တွေနဲ့ စျေးဆိုင်တွေကအစ အလုပ်တွေ အဆင်မပြေကြဘူးလို့ စျေးသည်တွေက ပြောပါတယ်။

ခရီးသွား ဝင်ရောက်မှု မရှိတာနဲ့အမျှ ဟိုတယ်လုပ်ငန်း တချို့က လုပ်ငန်းရပ်နားလာကြသလို ဟိုတယ်၊ မိုတယ်နဲ့ တည်ခိုခန်းဝန်ထမ်းတွေပါ အလုပ်လက်မဲ့နဲ့ စတင်ကြုံတွေ့လာနေတယ်လို့ ဟိုတယ် ဝန်ထမ်းတဦးက ပြောပါတယ်။ 

မွန်ပြည်နယ်အတွင်း ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်း စုစုပေါင်း ၇၆ လုံး ရှိနေပြီး ရပ်နားလာကြတဲ့ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်း ၄၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013