DVB Logo
Home
မြန်မာသတင်း
ကျောက်တော်နှင့် ရသေ့တောင်တွင် မုန်တိုင်းဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ အကူအညီ အရေးပေါ်လိုအပ်နေ
DVB
·
May 21, 2023
ကျောက်တော်နှင့် ရသေ့တောင်တွင် မုန်တိုင်းဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ အကူအညီ အရေးပေါ်လိုအပ်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာမှာ မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့လို့ အိမ်ခြေ ၁၀၀၀ ကျော်ထိခိုက်ပျက်စီးသွားပြီး အရေးပေါ်အကူညီတွေလိုအပ်နေသလို  ရသေ့တောင်မြို့နယ်မှာလည်း မုန်တိုင်းဘေးဒုက္ခသည်တွေ အမိုးအကာတွေ အရေးပေါ် လိုအပ်နေပါတယ်။

မေ ၁၄ ရက်က ရခိုင်ပြည်နယ်ကို ဦးတည်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ ရွာလုံးကျွတ် ထိခိုက်ပျက်စီးသွားပြီး အိမ်ခြေ ၁၂၉ လုံးကတော့ လုံးဝ သုံးလို့မရတော့အောင်ပျက်စီးသွားတယ်လို့ အပေါက်ဝလူငယ်အစည်းရုံးရဲ့ ဒုဥက္ကဋ္ဌ မအေးမြတ်မော်က ပြောပါတယ်။

နေအိမ်ပြိုကျပျက်စီးသွားတဲ့ သူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပြီး အမိုးအကာတွေလန်ကာ တစိတ်တပိုင်း ပျက်စီးသွားတဲ့ နေအိမ်တွေမှာတော့ မိုမရွာရင် အဆင်ပြေပေမဲ့  မိုးရွာလာရင်နေစရာနေရာမရှိဘူးလို့ ဆိုပါတယ်။

“မုန်တိုင်းတိုက်ခတ်ပြီး တပတ်လောက်ကြာသွားပေမဲ့၊ ကျမတို့ ကျေးရွာကို ဘယ်အဖွဲ့စည်းတွေမှ လာရောက်ကူညီတာမရှိသေးဘူး။ နေအိမ်တွေကိုလည်း မိုးကာစတွေနဲ့ ကိုယ်ထူကိုယ်ထ ပြုပြင်နေကြရတယ်”လို့ မအေးမြတ်မော်က ပြောပါတယ်။

မုန်တိုင်းဒဏ်ကြောင့် စားနပ်ရိက္ခာတွေလည်း မိုးရေတွေစိုပြီး ပျက်စီးသွားတဲ့အတွက် စားရေးသောက်ရေး အရမ်းအခက်ခဲဖြစ်နေလို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ NGO/INGO အဖွဲ့စည်းတွေအနေနဲ့  အမြန်ဆုံးလာရောက်ကူညီစေချင်တယ်လို့လည်း ပြောပါတယ်။

မုန်တိုင်သင့်ပြည်သူတွေအတွက် မိုးကာ၊ စောင်၊ ခြင်ထောင်၊ အဝတ်ထည်၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ်မှာလည်း မိုခါမုန်တိုင်းကြောင့် ပျက်စီးမှုများပြီး အမိုးအကာပစ္စည်းနဲ့ အစားအသောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရသေ့တောင်မြို့မှာ အဆောက်အအုံကြီး၊ အုတ်တံတိုင်း၊ အစိုးရဌာနဆိုင်ရာ အဆောက်အအုံတွေ ပြိုကျပြီး မြို့ရဲ့ ၉၅ ရာခိုင်နှုန်း ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

မုန်တိုင်းရှောင်ဒုက္ခသည်တွေဟာ စာသင်ကျောင်း ၃ ကျောင်းမှာ နေထိုင်နေပြီး လူနေအိမ်တွေ ပြန်လည် ပြုပြင်ဖို့ အမိုးအကာ၊ သွပ်၊ တာပေါလင်စတွေ အဓိက လိုအပ်နေပါတယ်။

မြေပြင်ကယ်ဆယ်ရေးအဖွဲ့ဝင် ကိုစိုးလွင်က “ အခုလက်ရှိတော့ ကျနော်တို့နဲ့အတူ မင်းဘူးမီးသတ်ဘက်ကအဖွဲ့တွေလည်းရောက်နေတယ်။ အမိုးအကာနဲ့အကူအညီ ပစ္စည်းတွေက တော့ အများကြီး လိုအပ်နေပါတယ်”လို့ ပြောပါတယ်။

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်မှာ သေဆုံးသူတွေရှိနေပြီး သေဆုံးသူ စာရင်းအတိအကျ မသိရသေးဘူးလို့ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်ကို စစ်ကောင်စီက သဘာဝဘေးအန္တရာယ် ကျရောက်ရာဒေသအဖြစ်ကြေညာပြီး ကူညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာရှိသလို  ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ AA ကလည်း အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီဖွဲ့စည်းပြီး ကူညီဆောင်ရွက်နေပါတယ်။

မုန်တိုင်းဘေးကူညီပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျပ် သိန်း ၁၀၀၀၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က ကျပ် သိန်း ၃၀၀၀၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်)ကကျပ် သိန်း ၁၀၀၀၊   ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ကျပ် သိန်း ၅၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် အမေရိကန်၊ ဗြိတိန်၊ စင်ကာပူ၊ ထိုင်း၊ အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း မုန်တိုင်းဘေးသင့် မြန်မာပြည်သူတွေအတွက် အကူအညီပေးဖို့ လုပ်ဆောင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013