
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် မြောက်ခြမ်းကျေးရွာတွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ် နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မေလ ၁၄ ရက်က ရခိုင်ပြည်နယ်ကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ အင်အားအလွန်ပြင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကိုလည်း ဖြတ်တိုက်သွားတာကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့လို့ ကျေးရွာတချို့ ရေကြီး၊ ရေလျှံဖြစ်ကာ ပျက်စီးမှု များပြားခဲ့တာ ဖြစ်ပါတယ်။
အခုလိုရေကြီး၊ ရေလျှံဖြစ်ခဲ့တာကြောင့် ဒေသခံတွေရဲ့ စားအိုး၊ စားခွက်တွေ ချောင်းရေနဲ့ အတူမျောပါသွားတာ၊ လမ်းတံတားတွေ ပျက်စီးတာတွေကြောင့် သွားရေး၊ လာရေးအခက်အခဲတွေ တွေ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပုလဲမြို့နယ်၊ ကျေးနင်းကြီးကျေးရွာဒေသခံတစ်ဦးက “ကျနော်တို့ စပါး၊ ပဲတီ၊ နှမ်း၊ မြေပဲမျိုးတွေ ချောင်းရေနဲ့အတူပါသွားတယ်။ နောက်ပြီး လယ်ယာသုံးပစ္စည်း စက်ကိရိယာတွေ လည်းပျက်စီးတယ်။ မြို့ကိုသွားတဲ့ လမ်းတွေက တံတား ၃ စင်းလည်း ပျက်စီးတယ်ဗျာ။ အဲလိုတွေ အဖက်ဖက်က ဖြစ်နေတော့ ကျနော်တို့ဒေသခံတွေ အတော်လေး ဒုက္ခရောက်နေရတယ်။ သက်ဆိုင်ရာလူကြီးတွေအနေနဲ့ အကူညီလေးတွေ ပေးကြပါဦး” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေကြရတဲ့ အပြင် မုန်တိုင်းကြောင့်လည်း သဘာဝဘေးဒဏ်ကိုပါ ထပ်ဆင့် ခံစားနေရတာဖြစ်ပါတယ်။
“မိုးရွာတာကလည်း အဆက်မပြတ်ဆိုတော့ ချောင်း၊ မြောင်းတွေဆီက စီးလာတဲ့ရေတွေက အရမ်းများတယ်။ အရင်နှစ်တွေက အခုလို ရေကြီးတာမမြင်ဘူးပါဘူးဗျာ။ ခေတ်မကောင်းပါဘူးဆို သဘာဝဘေးပါ ဆိုက်လားတော့ ကျနော်တို့ ဒေသခံတွေ နေစရာပိုမရှိတော့တာပေါ့ဗျာ။ မိုးရွာပြီး ချောင်းရေတွေက ရွာတွေထဲအထိဝင်တယ်။”လို့ ဒေသခံတယောက်က ပြောပါတယ်။
ပုလဲမြို့နယ်မြောက်ခြမ်းမှာ မိုခါမုန်းတိုင်းကြောင့် ရေကြီး ၊ ရေလျှံဖြစ်လို့ အများဆုံး ဒုက္ခရောက်နေတဲ့ ကျေးရွာတွေက ကျေးနင်းကြီးကျေးရွာ၊ သင်တီကန်အရှေ့ရွာ၊ သင်တီကန် အနောက်ရွာတို့ဖြစ်ပြီး အဆိုပါ ရွာ ၃ ရွာမှာ အိမ်ခြေပေါင်း ၇၈၁ အိမ်ရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။