DVB Logo
Home
Lead Story
ဖက်ဆစ်ကို အမြစ်ကချွတ် ဖက်ဒရယ်ကြယ်ကို ဆွတ်မည့် ၂ နှစ်ပြည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်
DVB
·
May 21, 2023
ဖက်ဆစ်ကို အမြစ်ကချွတ် ဖက်ဒရယ်ကြယ်ကို ဆွတ်မည့် ၂ နှစ်ပြည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်
Donate to DVB

ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကပဲ ပြည်သူတွေက မွေးဖွားလိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ၂ နှစ်တင်းတင်း ပြည့်ခဲ့လေပြီ။ ၂ နှစ်တာကို ဖြတ်သန်းခဲ့ရသည့် ခရီးသည် အင်မတန်ကြမ်းတမ်းခက်ထန်ခဲ့သည်။ အသက်သွေးချွေးပေါင်း မြောက်မြားစွာ ရင်နှီးပေးဆပ်ခဲ့ရသည်။ အိမ်ခြေရွာပေါင်းသောင်းချီ စွန့်လွှတ်ခဲ့ရသည်။ တနှစ်သားမပြည့်ခင်မှာ သေကောင်ပေါင်းလဲ ရှင်သန်ခဲ့ရသည်။ ရရာသံတိုသံစ သံပိုက်လုံးများဖြင့် လုပ်သေနတ် တူမီးများ ဖြစ်ကတတ်ဆန်းပြုလုပ်ကာ ကျည်ထွက်၍ စစ်ခွေးတကောင် သုတ်သင်နိုင်လည်း နည်းလား ဆိုသည့်သဘောဖြင့် တိုက်ပွဲဝင်ခဲ့ကြရသည်။ တနှစ်တာကျော်လွန်၍ ၂ နှစ်ထဲ ဝင်လာချိန်မှာ သေနတ်အစစ်တွေ တဖြည်းဖြည်း တပ်ဆင်နိုင်လာကြသည်။ ပြည်သူသည် ရရာလက်နက်ဖြင့် တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၏ မပြည့်စုံမှုကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်တို့သည် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းထားနိုင်ပြီး လက်နက်တပ်ဆင်မှုများ အားကောင်းနေပြီဟု အတိအလင်း ပြည်သူအားတက်ဖွယ် ထုတ်ဖော်ပြောကြားခဲ့သည်။ စစ်ကိုင်းတိုင်းသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးအာဏာ ပျက်ပြားသွားသည်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ရေးအောင်မြင်မှုများ ရရှိနေခဲ့လေပြီ။ မကွေးတိုင်းသည်လည်း လှုပ်ခတ်လာပြီး စစ်ကောင်စီတပ်ရင်းများ မျက်ခုံးလှုပ်နေကြရလေပြီ။ ကရင်ပြည်နယ်တွင် တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကြောင်းများသည် စစ်ရေးအောင်မြင်မှုများ ပိုမိုဆာလောင်လာနေပြီး တိုက်စွမ်းရည်မှာ ၂ နှစ်တာအတွင်း မြင့်မားလာနေခဲ့သည်။

ကရင်နီပြည်နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများသည် ဖက်ဆစ်စစ်တပ်နှင့် မရပ်မနား တိုက်ခိုက်နေရင်း မိုးဗြဲမြို့ကို သိမ်းပြကာ တိုက်စွမ်းရည်ကို ဝံ့ကြွားပြနိုင်ခဲ့သလို နေပြည်တော်ကို ဝင်ရောက်တိုက်ခိုက်ရန်လည်း ခြေလှမ်းတပြင်ပြင် ဖြစ်နေခဲ့ပြီ။

အမှန်တရားကို ရရင်ရ ပြန်မရရင် အဆုံးထိသွားမှာပါဟု ကြွေးကြော်ခဲ့ကြသည့် လူငယ်ထုသည် ယခုအချိန်ခါမှာတော့ မောင်းပြန်ရိုင်ဖယ် ကိုယ်စီလွယ်ရင်း ကြမ်းတမ်းသည့် ခရောင်းလမ်းကို နောက်မတွန့်စတမ်း လျှောက်လှမ်းနေကြပေပြီ။ ခရီးအဆုံးတွင် ဖက်ဒရယ်ပြည်ထောင်စု ဟူသော ပန်းတိုင်ကို မြင်နေရသည်။ လမ်းမှားမရောက်အောင် ပြည်သူက ဝေဖန်ထောက်ပြခြင်းဖြင့် ထိန်းသိမ်းပဲ့ပြင်ပေးသည်။ ပြည်သူနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်သည် ဟန်ချက်ညီညီ ဖက်ဆစ်စနစ်ကို ဖြိုဖျက်နေကြသည်မှာ ပကတိအရှိတရား ဖြစ်သည်။ ပြည်သူလူထုသည် သက်တမ်း ၇၈ နှစ် ရှိပြီဖြစ်သော ဖက်ဆစ်စစ်တပ်အိုကြီးကို ယိုင်နဲ့အောင် နှဲ့လာနိုင်နေပြီလည်း ဖြစ်သည်။ ပြည်သူအပေါ် ခေတ်အဆက်ဆက် ကုပ်ခွစီးလာသော ဖက်ဆစ်အရေကို ဆွဲချွတ်ဆုတ်ခွာနေပြီလည်း ဖြစ်သည်။

ဖြတ်သန်းခဲ့ကြသော ခရီးလမ်းသည် ရဲဘော်ရဲဘက်များ၏ ကြည်နူးဆွတ်ပျံ့မှုများ၊ ရိုင်းပင်းကူညီမှုများ၊ အနစ်နာခံ ကိုယ်ကျိုးစွန့်မှုများဖြင့် ထုဆစ်ခဲ့ကြရသည်။ နိုင်ပါ့မလားဟု စိတ်ဓာတ်တွေကျခဲ့ကြသည်။ နိုင်ကိုနိုင်ရမည်ဟု အားတင်းခဲ့ကြသည်။ ဆက်မလုပ်ချင်တော့ဘူးဟု ညည်းရင်း ရှေ့တန်းမှာ ကျည်ထိသည့်ရဲဘော်ကို တက်ဆွဲခဲ့ကြသည်။

ယနေ့အချိန်တွင်မူ စွမ်းစွမ်းတမံ တော်လှန်မှု၏ အသီးအပွင့်များ မြင်တွေ့လာရစ ပြုနေပြီ။ ဤခရီးသည် နောက်ထပ် နှစ်မည်မျှကြာမည်ဟု မသိနိုင်ကြသော်လည်း သေချာတာကတော့ နိုင်အောင် တော်လှန်ရမည်ဟူသော သန္နိဋ္ဌာန်များက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတိုင်း ရင်ထဲမှာ အခိုင်အမာ ကိန်းဝပ်နေလေပြီ။

ရဲဘော်သုံးကျိပ် ထူထောင်ခဲ့သော တပ်မတော်တရပ်၏ ကျဆုံးခန်းကို မြင်လာရသလို ပြည်သူက မွေးဖွားလိုက်သည့် တပ်မတော်အသစ်တရပ်၏ တောက်ပလာမှုကိုလည်း မြင်နေရသည်။ အဟောင်းကိုစွန့်ပစ်လျှင် အသစ်အစားထိုးရသည့်နည်းတူ ပြည်သူအပေါင်းသည် ဖက်ဆစ် မြန်မာ့တပ်မတော်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို အစားထိုးရင်း ဖက်ဒရယ်ပြည်ထောင်စုအိပ်မက်ကို ဆက်လက်အောင်မြင်ဖို့ ကြိုးပမ်းအားထုတ်ကြပါစို့ဟု တိုက်တွန်းလိုက်ရပေသည်။ 

မောင်မိုးမာန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013