DVB Logo
Home
မြန်မာသတင်း
၆၅ နှစ်ကြာသည့်တိုင် ရှမ်းတော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် အလှမ်းဝေးနေသဖြင့် တုန်လှုပ်မိဟု  ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော
DVB
·
May 21, 2023
၆၅ နှစ်ကြာသည့်တိုင် ရှမ်းတော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် အလှမ်းဝေးနေသဖြင့် တုန်လှုပ်မိဟု  ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော
Donate to DVB

ရှမ်းတွေရဲ့တော်လှန်ရေးမှာ ရည်မှန်းချက်ပန်းတိုင် အလှမ်းဝေးနေဆဲဖြစ်ပြီး အောင်ပွဲ မရသေးတဲ့အပေါ် တုန်လှုပ်မိတယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ၆၅ နှစ်မြောက် ရှမ်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပြောဆိုထားတာဖြစ်ပြီး ပုခုံးပြောင်းတာဝန်ယူဖို့ ရှမ်းပြည်လူထုအားလုံးမှာ တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။

“တော်လှန်ရေးကို ကိုယ်တိုင်လက်တွေ့ ပါဝင်ဆောင်ရွက်လုပ်ကိုင်နေသူတွေ အနေနဲ့လည်း မရပ်မနားဆောင်ရွက်ရင်း အချိန်ကုန်မှန်း သတိမထားမိဘဲ ၆၅ နှစ် ကြာပြီဆိုတာ သိလိုက်ချိန်မှာတော့ ရည်မှန်းချက်ပန်းတိုင် အလှမ်းဝေးနေဆဲနဲ့ အောင်ပွဲ မရရှိသေးတဲ့အပေါ် တုန်လှုပ်မိပါတယ်။ အသက်ပေးဆပ်ခဲ့ရတဲ့၊ ကိုယ်လက်အင်္ဂါတွေ စွန့်ခဲ့ရတဲ့သူတွေအနေနဲ့လည်း ပုခုံးပြောင်းတာဝန်ယူမယ့်သူတွေ၊ သူတို့အတွက် လက်တုံ့ပြန်ပေးမယ့်သူ၊ ပန်းတိုင်ဆီ အမြန်ဆုံးရောက်အောင် ဆောင်ရွက်ပေးမယ့် သူတွေကို မျှော်လင့် စောင့်စားနေပါတယ်။ ပုခုံးပြောင်းတာဝန်ယူဖို့နဲ့ ရှမ်းပြည်လူထုကို ကာကွယ်စောင့်ရှောက်ပေးဖို့အတွက် ရှမ်းပြည်လူထုအားလုံးမှာ တာဝန်ရှိပါတယ်။”

၆၅ နှစ်ဆိုတဲ့ အချိန်ကာလဟာ ကူညီပံ့ပိုးပေးတဲ့ ပြည်သူလူထုအနေနဲ့ရော လွတ်မြောက်ရေးကိုမျှော်လင့်နေသူတွေအတွက်ပါ အလွန်းကြာညောင်းတဲ့ အချိန်ပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တော်လှန်ရေး ကြာနေရတာဟာ တော်လှန်ရေးအဖွဲ့တွေ စုံလင်များပြားတာ၊ မတူညီတဲ့ ရည်မှန်းချက်တွေ ရှိနေတာကြောင့်ဖြစ်ပြီး တရားမဝင် ဥပဒေပြင်ပ ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းတွေကို အစိုးရအဆက်ဆက်က  ရည်ရွယ်ချက်ရှိရှိ မထိန်းချုပ် ခဲ့တာကလည်း တော်လှန်ရေးသက်တမ်းကြာနေရတာလို့ သူက ပြောပါတယ်။

“တဖက်မှာလည်း ရှမ်းပြည်မျိုးချစ်များ ညီညွတ်မှုအားနည်းခြင်း၊ အချင်းချင်းကြား ကျဉ်းမြောင်းတဲ့ အယူအဆ၊ အမြင်ရှိခြင်း၊ အမျိုးသားရေးကို ဦးထိပ်မတင်ခြင်း၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအရေးကို အလေးထားပြီး အချင်းချင်းမတည့်လို့ အချင်းချင်း တိုက်ခိုက်ခြင်း၊ အချင်းချင်းခြေထိုးခြင်း တို့ကြောင့် တော်လှန်ရေးခရီးရှည်ကြာခြင်းလည်း ဖြစ်ပါတယ်။ လေ့လာမှုအားနည်းပြီး နိုင်ငံရေး မရင့်ကျက်သေးခြင်း၊ ကိုယ်လွတ်ရုန်းပြီး လက်ပိုက် ကြည့်နေတဲ့သူတွေ များပြားခြင်းကြောင့်လည်း တော်လှန်ရေးပန်းတိုင် မရောက်ရှိ နိုင်ခြင်းပဲ ဖြစ်ပါတယ်”

နိုင်ငံရေးအသိ မကြွယ်ဝလို့ အင်အားအစစ်အမှန်နဲ့ စုပေါင်းပြီး တိုက်ပွဲမဝင်နိုင်တာ၊ တချို့ကလည်း ခေတ်အဆက်ဆက် နယ်ချဲ့ဘက်မှာရပ်တည်တာ၊ ငွေကြေးရှိတဲ့ဘက်ကို ရပ်တည်တာ၊ သာတဲ့ဘက်ကိုကူးတာ တို့ကြောင့်လည်း တော်လှန်ရေး မအောင်မြင်တာလို့ သူက ဆက်ပြောပါတယ်။

ပြည်သူတွေဟာ နိုင်ငံရေးအမြင်အားနည်းပြီး ရပ်တည်ချက်မခိုင်မာတာ၊ အလိမ်အညာ ခံရတာတွေကြောင့် နိုင်ငံရေးဝါဒတွေကြား အချိန်တွေကုန်ဆုံးသွားခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

လူမျိုးပေါင်းစုံ မှီတင်းနေထိုင်တဲ့ တိုင်းပြည်၊ လူထုရဲ့ ရေခံမြေခံ သဘာဝနဲ့ ကိုက်ညီတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှပဲ အားလုံး အေးအတူပူအမျှ ငြိမ်းငြိမ်းချမ်းချမ်းအတူယှဉ်တွဲ နေထိုင်သွားနိုင်မယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ တော်လှန်ရေးခရီးရှည်ကြာလာတာနဲ့အမျှ လူထုအနေနဲ့လည်း ကောင်းမွန်တဲ့ လမ်းကို ရွေးချယ် သင့်ပြီလို့လည်း ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ခေါင်းဆောင်တဲ့  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဟာ  အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ အကြိမ်ကြိမ်သွားရောက်တွေ့ဆုံနေပြီး မြန်မာ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ခြင်းမရှိတဲ့အတွက် ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013