DVB Logo
Home
မြန်မာသတင်း
လာမည့်မိုးတွင်းကာလ နယ်မြေထိန်းချုပ်နိုင်ရေး ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များ ကြိုးစားနေ
DVB
·
May 20, 2023
လာမည့်မိုးတွင်းကာလ နယ်မြေထိန်းချုပ်နိုင်ရေး ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များ ကြိုးစားနေ
Donate to DVB

လာမယ့်မိုးတွင်းကာလမှာ စစ်ကောင်စီတပ်တွေ ချင်းတောင်ကိုတက်လာလို့မရအောင်  ချင်း၊ မကွေးနယ်စပ် ယောနယ်အထိဆင်းပြီး နယ်မြေထိန်းချုပ်ဖို့ ချင်းကာကွယ်ရေး  ပူးပေါင်းအဖွဲ့တွေက ကြိုးစားနေတယ်လို့ မင်းတပ် ပအဖ တာဝန်ရှိသူက ပြောပါတယ်။ 

မတ်လတုန်းက ချင်း-မကွေးနယ်စပ် ကျောက်ထုဘက်ကနေ စစ်ကြောင်းတခု၊ ချင်း-စစ်ကိုင်းနယ်စပ် ကလေးကနေ စစ်ကြောင်းတခု စုစုပေါင်းစစ်ကြောင်း ၂ ခုနဲ့ ချင်းပြည်နယ်ကို စစ်ကောင်စီက ထိုးစစ်ဆင်တာ၊ ရိက္ခာထောက်ပို့တာတွေလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ချင်းကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက အကောင်းဆုံးဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

မြေပြင်စစ်ရေး တိုးမပေါက်တာကြောင့် စစ်ကောင်စီက ချင်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်လို့ မင်းတပ် ပအဖ တာဝန်ရှိသူ ယောမန်က ပြောပါတယ်။

"ခြုံခိုပြောက်ကျားကနေ ခံစစ် တိုက်စစ်သဘောကို နည်းနည်းအသွင်ပြောင်းလာတာပေါ့။ စစ်ပွဲအသွင်းပြောင်းလာတယ်လို့ပြောလို့ရတယ်။ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ ပိုချိတ်ဆက်မိလာတယ်လို့ ပြောလို့ရတယ်။ တော်လှန်ရေးရဲဘော်လေးတွေက ပြည်သူ့စစ်ပုံစံ အသွင်သဏ္ဌာန်ကနေ အခု စနစ်တကျ Train ထားတဲ့ စစ်သားပုံစံဖြစ်လာတာပေါ့။ လမ်းညွှန်တဲ့အတိုင်း ဗျူဟာချမှတ်တဲ့အတိုင်း လှုပ်ရှားလာလို့ရတဲ့ပုံစံ ဖြစ်လာတာပေါ့။ စကစရဲ့ နယ်တွေကိုချဲ့ပြီးတော့ သူတို့နယ်တွေကျဉ်းလာအောင်ပေါ့။ စကစ ကယောနယ်မှာ သွားလာနေပေမယ့် ပူးပေါင်းတပ်ဖွဲ့တွေ CDF မင်းတပ် CDF ကန်ပက်လက် ရှိတဲ့နယ်တွေဘက်ဆို သူတို့က စစ်ကြောင်းမထိုးသလောက်ပဲလေ။ ရှောင်ပြီးမှပဲ တခြားနေရာကို သွားသလိုဖြစ်နေတာကိုး။ အဲ့ဒီဘက်ကို ခြေဦးလှည့်တိုင်း အထိနာနေတာဆိုတော့လေ။ သတင်းတွေတော့ သိပ်မတက်ဘူးနော် တကယ်တော့ ဒီဘက်မှာ ပြီးခဲ့တဲ့လက ကြီးကြီးမားမား အောင်ပွဲတွေရတော့ စစ်ကောင်စီဘက်က အယောက် ၅၀ ကျော် အယောက် ၃၀ ကျော် ကျဆုံးတာ တပ်နောက်လန်တာတွေရှိတယ်။ လိုင်းပေါ်တက်မသွားတာတွေပေါ့လေ။ ဒီဘက်ကလည်း နည်းနည်း သတင်းလျှိုထားတဲ့ပုံစံပေါ့လေ။ စကစကို နည်းနည်းမဆွချင်တာလည်းပါတာပေါ့နော်။ နည်းနည်းသိုသိုသိပ်သိပ်လုပ်ချင်တာလည်း ပါတာပေါ့။ တော်လှန်ရေးပါးဝလာတာနေမှာပေါ့။"

မေ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ် မြို့နယ်  ၉ ခုထဲက မတူပီ၊ ဟားခါး၊ မင်းတပ်၊ ထန်တလန်၊ ဖလမ်း စတဲ့မြို့နယ် ၅ခုမှာ ထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပါတယ်။ 

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ အိမ်ခြေ ၅၇၀ ကျော်ထိခိုက်ပျက်စီးခဲ့ပြီး ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ စားဝတ်နေရေးခက်ခဲနေပါတယ်။ နဂိုကတည်းက တိုက်ပွဲတွေကြောင့် ရိက္ခာနည်းပါးနေချိန်မှာ မုန်တိုင်းဒဏ်ကိုထပ်ခံရတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေတယ်လို့ မင်းတပ် ပအဖ တာဝန်ရှိသူ ယောမန် က ပြောပါတယ်။

"မေလ ၁၉ရက်အထိရရှိထားတဲ့စာရင်းပေါ့။ စာရင်းတွေက ထပ်ဝင်လာဖို့တော့ ရှိဦးမယ်ခင်ဗျ။ လောလောဆယ်စာရင်း ရရှိသလောက်ပေါ့လေ။ ကျေးရွာပေါင်း ၂၆ ရွာမှာ လူနေအိမ်က ၅၇၈ အိမ်၊ ဘုရားကျောင်းက ၁၇ ကျောင်း၊ စာသင်ကျောင်းတို့ ဝန်ထမ်းအိမ်ရာတို့က ၇၃ ခု၊ ကျေးလက်ဆေးခန်းက ၂ ခု၊ စာကြည့်တိုက် ၁ ခု၊ စပါးကျီ ၁၁၂ ခု ထိခိုက်ပျက်စီးတယ်။ ဝက်တွေ ကျွဲတွေ သေတာပေါ့။ အုတ်ရေကန်၊ ဆိုင်ကယ်၊ ဆိုလာစက်တွေ၊ စစ်ဘေးရှောင် ယာယီတဲတွေ ပျက်စီးတာ ရှိတယ်ဗျ။"

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာမှာတော့ လာမယ့်မိုးတွင်းကာလမှာ ထိုးစစ်ဆင်ဖို့ စစ်ကောင်စီက ဗျူဟာမှူး အပြောင်းအလဲလုပ်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

တိုက်ပွဲဒဏ်၊ မုန်တိုင်းဒဏ်၊ လာမယ့်မိုးရာသီ လမ်းပန်းခရီးအခက်အခဲတွေကြောင့် ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးပြဿနာကို ဖြေရှင်းဖို့ အခက်အခဲတွေ့နေကြပါတယ်။ 

မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ် မြို့နယ် ၉ ခုမှာ လူနေအိမ် ၁၇၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က မေ ၁၇ ရက်နေ့မှာ စာရင်းထုတ်ပြန်ထားပါတယ်။ 

ဒီပြဿနာတွေကိုဖြေရှင်းဖို့ ချင်းအမျိုးသားတပ်ဦး CNF/CNA က ပြည်ပရောက် ချင်းတိုင်းရင်းသားတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ဆလိုင်းထက်နီက "မကြာခင်မိုးလည်းကျလာပြီ။ ချင်းတောင်က အခုလည်း မိုးစရွာလာပြီဆိုတော့ ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်တော့ အင်မတန်မှ ခက်ခဲမှာပါပဲ။ အဲ့ဒါကြောင့်မို့ ခုကတည်းက မြန်မြန်ဆန်ဆန်လေး ဖြေရှင်းပေးနိုင်ဖို့က ကျနော်တို့က အင်မတန်မှလိုချင်နေတဲ့ ဆန္ဒဖြစ်ပါတယ်။ CNF/CNA အနေနဲ့ မိုခါမုန်တိုင်းကြောင့် နောက်ဆက်တွဲဖြစ်လာမယ့် ဆိုးကျိုးတွေဖြေရှင်းပေးဖို့ စေတနာရှင် မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲပူးပေါင်းဆောင်ရွက်ချင်ပါတယ်။"

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၃  ဧပြီလအထိ စစ်ကောင်စီက ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ နီးပါး ပြုလုပ်ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် အရပ်သားပြည်သူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။ 

စစ်ကောင်စီက ၂၀၂၃ ခုနှစ်ထဲမှာ လေကြောင်းကနေ အဆိုးဆုံးတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဆန်းပိုင်းကနေ မေလ ၅ ရက်နေ့အထိ ချင်းပြည်နယ်ကို စစ်ကောင်စီက လေကြောင်းကနေ အကြိမ် ၁၆၀ ကျော်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃၀ ကျော်သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013