DVB Logo
Home
မြန်မာသတင်း
အမေရိကန် မြို့ကြီး ၇ မြို့တွင် မြန်မာ့အရေးလှုပ်ရှားသူများက တရုတ်အစိုးရဆန့်ကျင်ဆန္ဒပြပွဲများ ပြုလုပ်
DVB
·
May 20, 2023
အမေရိကန် မြို့ကြီး ၇ မြို့တွင် မြန်မာ့အရေးလှုပ်ရှားသူများက တရုတ်အစိုးရဆန့်ကျင်ဆန္ဒပြပွဲများ ပြုလုပ်
Donate to DVB

မြို့တော်ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးအပါအဝင် အမေရိကန်နိုင်ငံအတွင်းရှိ  တရုတ်ကောင်စစ်ရုံးတွေရှိတဲ့ မြို့  ၇ မြို့မှာ မေလ ၁၉ ရက်ကနေ  ဇွန်လ ၁၉ ရက် အထိ အချိန်တလကြာ တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပြုလုပ်သွားမယ်လို့  မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ 

ဒေသစံတော်ချိန် မေလ ၁၉ ရက် မွန်းလွဲပိုင်းက ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ မြန်မာ့အရေး အပေါ် တရုတ်အစိုးရရဲ့ရပ်တည်ချက်မူဝါဒကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြပွဲကိုစတင်ခဲ့ပြီး ဥရောပနဲ့ အာရှနိင်ငံတွေက တရုတ်သံရုံးတွေကိုလည်း ပြည်ပရောက်မြန်မာတွေက  ဆက်တိုက် ဆန္ဒပြဆန့်ကျင်သွားဖို့ရှိနေပါတယ်။ 

မြန်မာပြည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (DC Metro Area)မှ ကိုရင်အေးက "ရာဇဝင်ကိုပြန်ကြည့်လိုက်ပါ။ စစ်အာဏာရှင်တွေဟာ တရုတ်ရဲ့ နောက်ကွယ်က ရပ်ခံမှုနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို သူတို့ရသွားကြတယ်။ အခုဆိုသူတို့ အသိအမှတ်ပြုမှုလုံးဝမရဘူး။ ဘာကြောင့်လဲဆိုရင် တရားဝင်မှုမရှိဘူး၊ ဒါပေမဲ့ နယ်မြေထိန်းချုပ်ထားနိုင်တယ်။ ခေတ်အဆက်ဆက်ကသူတို့ နယ်မြေထိန်းချုပ်မှုနဲ့ပဲ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှု သူတို့ယူခဲ့တယ်။ အခုတခါတော့ နယ်မြေထိန်းချုပ်မှုတွေ သူတို့ဆုံးရှုံးနေတယ်။ ဒါကြောင့် တရုတ်ကနေ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ဖိအားပေးထားတယ်။ မင်းအောင်လှိုင်ကိုလည်း ဖိအားပေးထားတယ် မင်းပြန်ပြီးတော့ နယ်မြေထိန်းချုပ်မှုရအောင်ယူဆိုတဲ့ပုံစံမျိုးတွေလုပ်နေတယ်။ အဲ့ဒီအချိန်မှာ PDF တွေဟာ ကိုယ့်ချုပ်ကိုင်ထားပြီး သားနယ်မြေတွေကို လုံးဝလက်မလွှတ်ရဖို့နဲ့ ပြီးလို့ရှိရင် ဒီ့ထက်ပိုပြီးတော့ နယ်မြေတွေတိုးချဲ့သိမ်းပိုက်နိုင်ဖို့ကို ပြောင်မြောက်တဲ့ စစ်ဆင်ရေးတွေနဲ့သွားနိုင်ဖို့အတွက် တကမ္ဘာလုံးကလည်း ဝိုင်းပြီးပံ့ပိုးကြမယ်။ နိုင်ငံရေးဦးဆောင်ဖြစ်တဲ့ NUG ကလည်း သေချာစနစ်ကျတဲ့ဗျူဟာတွေနဲ့ နယ်မြေမဆုံးရှုံးရေးကို ကြိုးစားကြမယ်ဆိုရင် ကျနော်တို့ တရုတ်ဘယ်လိုပဲ ပံ့ပိုးပံ့ပိုး သူတို့လိုချင်တဲ့ပုံစံရမှာမဟုတ်ဘူး။ ကျနော်တို့အောင်ပွဲပဲ သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတခေါက်မှာ တရုတ်ကို စည်းစည်းရုံးရုံး ပြတ်ပြတ်သားသားချကြမယ်။ ပြတ်ပြတ်သားသားဆန့်ကျင်ကြမယ်။ သူတို့ရဲ့စီးပွားရေးတွေ အကုန်လုံးဟာ မြန်မာပြည်ထဲမှာ မင်းအောင်လှိုင်က အကာအကွယ်ပေးလို့မရတော့ဘူး မင်းအောင်လှိုင် အုပ်ချုပ်လို့မရတော့ဘူးဆိုတာ ပြတ်ပြတ်သားသားပြကြမယ်။"

မေလ ၂ ရက်နေ့က နေပြည်တော်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ဂန်းနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံပြီးနောက် တရုတ်ရဲ့တိုက်တွန်းချက်အရ မေလ ၃ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားတချို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးမလာခင်  ဧပြီ ၁၆ ရက်က တရုတ်ကွန်မြစ်နစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ညွှန်ချုပ်ပန်ရှုဘင်းဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

ဒီဆက်စပ်ဖြစ်စဉ်တွေကြောင့် မြန်မာ့အရေးမှာ တရုတ်က ပေါ်ပေါ်ထင်ထင်ပါဝင်လာတဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီကို ရွေးကောက်ပွဲ လမ်းကြောင်းပေါ်တင်ဖို့နဲ့ မြန်မာ့နိုင်ငံရေးအပေါ် ခြယ်လှယ်ဖို့ကြိုးစားလာတာဖြစ်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

အာဏာသိမ်းစကာလမှာ တရုတ်နိုင်ငံက ဘယ်ဘက်ကမှမပါခဲ့ဘဲ အခြေအနေစောင့်ကြည့်နေခဲ့ပြီး စစ်ကောင်စီဘက်ကအရေးနိမ့်လာချိန်မှာ အခုလိုဆောင်ရွက်ချက်တွေပြုလုပ်လာတာဖြစ်ပါတယ်။ 

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူအတာက "ကိုယ်ကျိုးအတွက် သူများခိုင်းသမျှကိုလုပ်နေတဲ့ ခေါင်းမရှိတဲ့ မိစ္ဆာကောင်တွေကို နောက်ကြောကနေပြီးမှ လက်နက်ပေး၊ ကိုယ့်လူမျိုးကိုယ်သတ်ခိုင်း၊ ကိုယ့်နိုင်ငံက သယံဇာတတွေအကုန်ယူ၊ တိုင်းပြည်မှာကဆင်းရဲ၊ တရုတ်ပြည်ကိုပြန်ကြည့်လိုက်ဦး တရုတ်ပြည်မှာရော ဘာတွေတိုးတက်လို့လဲ။ ပြည်သူလူထုတွေကဆင်းရဲနေတယ်၊ ကျောင်းတွေမကောင်းဘူး။ သူတို့ရဲ့သားသမီးတွေကျ နိုင်ငံတကာမှာ စာသွားသင်နေတယ်။ အဲ့ဒါတွေဟာ တရားမျှတမှုရှိသလားပေါ့။ ဆိုတော့ ခေါင်းရှိတဲ့လူတွေက ဒီလိုမတရားနေတာကို ရပ်တည်ပေးရဲရမယ်။ အန်တီတို့အခုနေတဲ့ ကမ္ဘာကြီးမှာ နိုင်ငံပေါင်းစုံရှိတယ်။ နိုင်ငံတခုရဲ့ ဆုတ်ယုတ်မှုဟာ တခြားနိုင်ငံတွေရဲ့ပြဿနာပဲ။ နိုင်ငံတခုရဲ့ပြဿနာဟာ အားလုံးရဲ့ပြဿနာပဲ။ လူ့အခွင့်အရေးကိုတခုကို သေသေချာချာသူတို့မစဉ်းစားဘဲနဲ့ မတရားမှုတွေကို အားပေးနေလို့ရှိရင် Dark Hole ဆိုတာရှိတယ်လေ။ အမှောင်ကျွင်းကြီးထဲကို အားလုံးကျသွားမှာပဲ"လို့ ပြောပါတယ်။

မြန်မာ့အရေးနဲ့ဆက်စပ်နေတဲ့ အချက်အလက်တွေ၊ အကူအညီပေးရေးကိစ္စရပ်တွေအ များအပြားပါဝင်တဲ့  Burma Act တစ်ခုလုံးကို အမေရိကန်အမျိုးသး ကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေမူကြမ်း NDAAထဲမှာ ထည့်သွင်းပြီး  ဥပဒေအဖြစ် ၂၀၂၂ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးခဲ့ပါတယ်။  

မြန်မာ့အရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်းထက်မနည်းဘဲ အကူအညီပေးမယ့် အချက်ပါဝင်တဲ့ အမေရိကန်အစိုးရဘဏ္ဍာငွေ ခွဲငွေသုံးစွဲမှုဥပဒေကိုလည်း ဒီဇင်ဘာ ၂၉ ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး အတည်ပြုထားပါတယ်။

အမေရိကန်နဲ့အတူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဘက်ကလည်း မြန်မာ့အရေးအပေါ် မြင်သာတဲ့ အာရုံစိုက်မှုတွေ သတိပေးပြောဆိုတာတွေရှိလာခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ တရုတ်နိုင်ငံဘက်ကလည်း အခုလို စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီး သူတို့ရဲ့ရပ်တည်မှုကို ပြသလာတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013