DVB Logo
Home
မြန်မာသတင်း
ဆင်ဖြူကျွန်း စလင်းချောင်းအနီး ရေဘေးသင့်ရွာများ ပြန်ထူထောင်ရန် အကူအညီများ လိုအပ်နေ
DVB
·
May 20, 2023
ဆင်ဖြူကျွန်း စလင်းချောင်းအနီး ရေဘေးသင့်ရွာများ ပြန်ထူထောင်ရန် အကူအညီများ လိုအပ်နေ
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေကို မေလ ၁၄ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါအရှိန်ကြောင့် မကွေးတိုင်း ဆင်ဖြူကျွန်းမြို့နယ်၊ စလင်းချောင်းမှာ တောင်ကျချောင်းရေ ရုတ်တရက် မြင့်တက်ခဲ့ပြီး စလင်းချောင်းအနီးက ကျေးရွာ ၂၀ လောက် ရေဘေးသင့်ဒဏ် ခံခဲ့ရပါတယ်။

စလင်းချောင်းအနီးက ရွာတွေမှာ ပျမ်းမျှအားဖြင့် ရွာတရွာမှာ အိမ်ခြေ ၃၀ ကနေ ၄၀ ကြားရှိပြီး အနည်းဆုံး တရွာကို ၅ အိမ်ကနေ ၁၀ အိမ်၊ တချို့ ရွာတွေမှာ ၄ အိမ်၊ ၅ အိမ်လောက် အိမ်လုံးကျွတ်နီးပါး ရေထဲ မျောပါသွားတယ်လို့ ဆင်ဖြူကျွန်းမြို့နယ် လူမှုကူညီ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရေဘေးသင့်ရွာတွေ ပြန်လည်ထူထောင်ရေး ကူညီပေးနေပြီး အိမ်လုံးကျွတ် မျောပါသွားတဲ့ မိသားစုတွေအတွက် ယာယီ နေစရာနဲ့ ရေဘေးသင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ အသုံးအဆောင် ပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ မကွေးမြို့ လူမှုကူညီရေးအသင်းက ပြောပါတယ်။

"လောလောဆယ်တော့ အိမ်လုံးကျွတ် ပါသွားတဲ့ မိသားစုတွေကတော့ အမိုးအကာတွေနဲ့ ယာယီအိမ်ပဲ ဖြစ်ဖြစ်၊ တဲပဲဖြစ်ဖြစ် အမိုးအကာလေးတွေ ပြန်ဆောက်ဖို့ ရှိပါတယ်။ အခြား ရေဘေးသင့်သွားတဲ့ ဆင်ဖြူကျွန်းမြို့ပေါ်က ဆင်ခြေဖုံး ရပ်ကွက် အိမ်တွေဆိုရင် ၅ မိနစ်၊ ၁၀ မိနစ် အတွင်းမှာ ရေလုံးဝင်လာတဲ့အတွက် တကိုယ်စာပဲ ဘာမှ ယူခွင့်မရှိဘဲ ကိုယ်လွတ် ရုန်းလိုက်ရတဲ့အတွက် သူတို့ ဘာပစ္စည်းမှ မရလိုက်ဘဲ လက်ရှိမှာတော့ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်လေးတွေ လိုအပ်ပါတယ်။ လက်ရှိ ကျနော်တို့တွေ သူတို့အတွက် ဆန်၊ ဆီ၊ ဆား တပတ်စာ ထောက်ပံ့ပေးနိုင်ဖို့ စတင် ကြိုးစားနေတယ်" လို့ မကွေး လူမှုကူညီရေးအသင်း ပရဟိတ ဦးဆောင်သူတဦးက ပြောပါတယ်။

မိုခါမုန်တိုင်း တိုက်ခတ်နေစဉ် ရခိုင်ရိုးမနဲ့ ချင်းတောင်တန်းဘက်ကနေ အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့ တောင်ကျ ချောင်းရေတွေကြောင့် စလင်းချောင်းမှာ ရုတ်တရက် ရေကြီးခဲ့တာဖြစ်ပြီး ဆင်ဖြူကျွန်း အပါအဝင် စလင်းချောင်းဘေးက ရွာအကုန်လုံးနီးပါး ရေဘေးသင့်ခဲ့တာပါ။

ချောင်းအနီးက ရွာတွေမှာ အိမ်အောက်ထပ် တခုလုံးနီးပါး လူတရပ်ကျော် အမြင့်ပေ ၈ ပေ၊ ၉ ပေလောက် ရေမြှုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ စလင်းချောင်း အနောက်ဘက်က နွယ်တမယ် ကျေးရွာမှာ ရေကြီးမှုဒဏ်ကို အဆိုးဝါးဆုံး ကြုံခဲ့ရပြီး လူသေဆုံးမှုတွေ ရှိခဲ့သလို ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းနေရတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။

"ဒုက္ခတွေကတော့ ဆုံးရှုံးမှုက အရမ်းများတယ်။ လုပ်ငန်းကြီးသမားရော၊ လက်လုပ်လက်စားသမားရော အကုန်လုံးက ပြောရရင် ပြဿနာပေါင်းစုံ ဖြစ်နေတယ်။ ဆင်ဖြူကျွန်းမြို့နယ်၊ စလင်းချောင်းရဲ့ အနောက်ဘက် နွယ်တမယ် ကျေးရွာ အဲ့ရွာက အဆိုးရွားဆုံးပဲ။ သူက ချောင်းနဲ့ နီးတယ်။ သူက ချောင်းအနောက်ဘက်၊ ဆင်ဖြူကျွန်းက ချောင်းရဲ့ အရှေ့ဘက်ပေါ့။ အဆိုးဝါးဆုံးဆိုတာ ကျနော်တို့ ဆင်ဖြူကျွန်းမှာ လောလောဆယ် လူ ၄ ဦး သေဆုံးတယ်။ အဲ့ရွာကကျ အချို့ အိမ်တွေဆို အိမ်လုံးကျွတ် ပါသွားတာ ရှိတယ်။ နွားတွေ သေတယ်။ ဆိတ်တွေ သေတယ်။ ပြန်လည် ထူထောင်ရေးဆိုရင် လောလောဆယ် အကျပ်အတည်းနဲ့ တော်တော် ရင်ဆိုင်နေရတယ်။ စားဖို့သောက်ဖို့ ဆိုရင် ဒီကနေ့ သွားရောက် လှူဒါန်းခဲ့တယ်။ တွေ့ခဲ့တာက ပြန်လည် ထူထောင်ဖို့က အရမ်းခက်ခဲတယ်။ သစ်တွေကအစ ဝါးတွေကအစ အိမ်လုံးကျွတ်တွေ ပါသွားတာ တွေ့ခဲ့တယ်"

နွယ်တမယ်ချောင်းလို့ လူသိများတဲ့ စလင်းချောင်းမှာ အခုလို ရေကြီးတာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးနဲ့ အဆိုးဝါးဆုံးပဲလို့ ဒေသခံတွေက ပြောပါတယ်။ စလင်းချောင်း ရေကြီးမှုကြောင့် ရေနစ်သေဆုံးသူ ၄ ယောက် ရှိခဲ့ပြီး၊ ဆင်ဖြူကျွန်းမြို့နယ်အတွင်းက ရွာတွေမှာ ပဲနဲ့ နှမ်းစိုက်ခင်းတွေ ၉၀ ရာခိုင်နှုန်းလောက် ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းနဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေကြောင့် တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ သေဆုံးသူ ၁၀၀ ကျော် အထိ ရှိလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013