DVB Logo
Home
Lead Story
မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရေအားလျှပ်စစ်စီမံကိန်းများအတွက် ကြိုလုပ်ထားရန် တရုတ် ကုမ္ပဏီပြော
DVB
·
April 14, 2026
Photo: MOI
Photo: MOI
Donate to DVB

မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေပြီးသွားရင် လုပ်ရမဲ့ကိစ္စတွေ ကြိုလုပ်ထားဖို့ တရုတ်ကုမ္ပဏီတွေက မြန်မာစစ်အာဏာရှင်အစိုးရရဲ့ ဝန်ကြီးကို ပြောပါတယ်။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ဟာ မြန်မာနဲ့ ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်တာ မြှင့်တင်နိုင်ဖို့ဆိုပြီး ဧပြီ ၁၂ ရက်ကနေ ၁၈ ရက်အထိ တရုတ်နိုင်ငံကနေတဆင့် ရုရှားကို ထွက်သွားတယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးဌာနက ဧပြီ ၁၃ ရက်မှာ ထုတ်ပြန်ထားတာပါ။

သူ့ကို ကူမင်းမြို့မှာ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့က အလုပ်သဘော ညစာကျွေးခဲ့ပြီး လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သေးတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရပိုင်ကုမ္ပဏီဖြစ်တဲ့ China Southern Power Grid နဲ့ ဆွေးနွေးရာမှာ မြန်မာနိုင်ငံ မြောက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်းတွေ ပြီးသွားရင် တောင်ပိုင်းဒေသတွေဆီ ဓာတ်အားပေးပို့နိုင်ရေးအတွက် ဓာတ်အားလိုင်း ကွန်ရက်တည်ဆောက်ဖို့ ကြိုတင်အစီအမံပြုလုပ် စီမံချက်ရေးဆွဲဖို့ လိုအပ်တာ၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း ဆောင်ရွက်တာ၊  မြန်မာ-လာအို နယ်စပ် မဲခေါင်မြစ်ကြောင်းတလျှောက် ရေအားလျှပ်စစ်စီမံကိန်းတွေ စူးစမ်းလေ့လာဖို့ စီမံထားတာ၊ လာအို-မြန်မာ ဖြတ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်းမှာ တရုတ်က ပါဝင်မဲ့ အခြေအအနေ စတာတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ ရန်ကုန်မြို့တွင်း ဓာတ်အားဖြန့်ဖြူးရေးမှာ ဓာတ်အားပျောက်ဆုံးတာ လျော့ကျစေရေး ဦးစားပေးဆောင်ရွက်ချင်တာ၊ EV Charging Stations တွေကို ဆိုလာနဲ့ ပေါင်းစပ်ပြီး မြန်မာဓာတ်အားစနစ်နဲ့ကိုက်ညီတဲ့ System Design တခုကို လုပ်ချင်တာကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် တရုတ်အစိုးရပိုင်ကုမ္ပဏီတွေ ဖြစ်တဲ့ Yunnan Energy Group၊ Union Resources & Engineering  ကုမ္ပဏီတို့နဲ့လည်း မြန်မာနိုင်ငံမှာ ကုမ္ပဏီကလုပ်နေတဲ့ ရေအား၊ ဆိုလာ၊ လေအားနဲ့ LNG သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတွေ အရှိန်မြှင့်ဖို့၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်တို့နဲ့ ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်မဲ့ အခြေအနေတို့ကို ဆွေးနွေးခဲ့ပြီး Yunnan Xianshang ပို့ကုန်သွင်းကုန် ကုမ္ပဏီနဲ့လည်း စက်သုံးဆီတင်သွင်းဖို့အကြောင်း ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီလက်လက်ကတည်းက ရေအားလျှပ်စစ်တွေ ပြန်စဖို့ နည်းမျိုးစုံနဲ့ တိုက်တွန်းလှုံ့ဆော်ခဲ့ပြီး စစ်ခေါင်းဆောင်တွေရဲ့ ခရီးတွေမှာလည်း အမြဲလိုလို ထည့်သွင်း ပြောဆိုလေ့ရှိတာပါ။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ မြစ်ဆုံ၊ ရွှေလီ ၃၊ အထက်ရဲရွာ အပါအဝင် မလုပ်ဆောင်ရသေးတဲ့၊ လုပ်ဆောင်နေဆဲဖြစ်တဲ့ ရေအားလျှပ်စစ်စီမံကိန်းကြီးတွေ ရှိနေပြီး အဲဒီက ထွက်လာမဲ့ လျှပ်စစ်ဓာတ်အား အများစုကို တရုတ်၊ အိန္ဒိယလို နီးစပ်ရာနိုင်ငံတွေဆီ ပို့ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013