DVB Logo
Home
မြန်မာသတင်း
မြန်မာလုပ်သားများ CI လက်မှတ်ရရန် ညအိပ်စောင့်ဆိုင်းရသဖြင့် အခက်အခဲကြုံ
DVB
·
May 18, 2023
မြန်မာလုပ်သားများ CI လက်မှတ်ရရန် ညအိပ်စောင့်ဆိုင်းရသဖြင့် အခက်အခဲကြုံ
1 / 2
Donate to DVB

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity) CI စာအုပ် လုပ်ကိုင်ရာမှာ စက်ရုံ အလုပ်ရုံ ကုမ္ပဏီကြီးတွေက တာဝန်ရှိသူတွေကို ငွေပေး လာဘ်ထိုးကာ QR နံပါတ် ရယူတာတွေ ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေဆီက သိရပါတယ်။

အဲဒီလို အကျင့်ပျက်ခြစားမှုတွေကြောင့် ပုံမှန်တန်းစီစနစ်နဲ့ စီအိုင်လုပ်ကိုင်တဲ့ လုပ်သားတွေဟာ အချိန်ကြာကြာ တန်းစီရတာ၊ ညအိပ်စောင့်ဆိုင်းရတာတွေ၊ အိမ်သာနဲ့ နေရာထိုင်ခင်း အခက်အခဲတွေ ကြုံရတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။

“အဓိကတော့ စနစ်တကျ အလှည့်စောင့် တန်းစီတဲ့သူတွေကမရဘဲ ကြားဖြတ်တဲ့ ကုမ္ပဏီတွေ၊ အထောက်အထား အေဂျင်စီတွေ၊ ပွဲစားအမျိုးမျိုးကနေ ကြားဖြတ်ကြေးတွေ နားလည်မှုကြေးတွေ ပေးပြီး ဖြတ်ဖြတ်ပြီ‌ေဝင်ကြတော့ စနစ်တကျ တန်းစီစောင့်ဆိုင်းတဲ့ အလုပ်သမားတွေ အခက်အခဲဖြစ်ရတယ်။ ကုန်ကျစရိတ် အပိုမရှိတဲ့ အလုပ်သမားတွေ အခက်အခဲ ဖြစ်ကြတယ်။”

“စီအိုင်စခန်းမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေက ရေအိမ်တွေ မသန့်ရှင်းတာ၊ သုံးစရာ ရေမရှိတာ၊ အဲဒီစခန်းတွေမှာ ဖွင့်လှစ်ထားတဲ့ဆိုင်တွေက အပြင်မှာရှိတဲ့ ဆိုင်တွေထက် ဈေးနှုန်းကြီးမြင့်တာ၊ ကိုယ့်စာအုပ်ရဖို့ စောင့်ဆိုင်းနေစဉ်မှာ သက်သောင့်သက်သာမရှိတာ၊ အလှည့်စောင့်ဆိုင်းစဉ်မှာလည်း ညအိပ်စောင့်ဆိုင်းရမယ်လို့ မမျှော်လင့်ထားတော့ မိမိတို့ ပါလာတဲ့ အဝတ်တွေဖြန့်ခင်းပြီး စောင့်ရတော့ လူတွေက သက်သောင့်သက်သာ မရှိဘူး။ အဲ့လိုနဲ့ တရက် ညအိပ်ရတဲ့သူ၊ ၂ ရက် ညအိပ်ရတဲ့သူနဲ့ စီအိုင်စာအုပ်ရဖို့ အခက်အခဲ ဖြစ်ခဲ့ကြတယ်။”

“ထိုင်းနိုင်ငံက ကုမ္ပဏီကြီးတွေ၊ သူဌေးတွေ သူဌေးမတွေ ကိုယ်တိုင်ဖြစ်စေ စခန်းတာဝန်ရှိသူတွေနဲ့ ကြိုတင် လက်ဝါးချင်းရိုက်ပြီး ဂါရဝကြေး စာအိတ်နဲ့ပေးပြီး ကျူနံပါတ်ကို ကြိုတင်ယူထားတယ်။ အဲ့တော့ စနစ်တကျ တန်းစီတဲ့သူတွေကို သူတို့က ကျော်ပြီး လုပ်လို့ရသလို ဖြစ်သွားတယ်။ ဒါတွေက အကျင့်ပျက်ခြစားမှုတွေပဲ။”

ထိုင်းအစိုးရဘက်က ၂၀၂၃ ဖေဖော်ဝါရီမှာ ဗီဇာသက်တမ်းကုန်တဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေအတွက် CI စာအုပ်လုပ်ဖို့နဲ့ Work Permit သက်တမ်းတိုးကိစ္စတွေကို မေ ၁၅ ရက်အထိ နောက်ဆုံးထား လုပ်ကိုင်ဖို့ ဖေဖော်ဝါရီလအတွင်းက ခွင့်ပြုခဲ့တာပါ။

ပြီးခဲ့တဲ့ မေ ၁၃ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင် စီအိုင်စခန်းနဲ့ ချွန်ဘူရီ စီအိုင်စခန်းတို့မှာ မြန်မာအလုပ်သမားတွေ ထောင်နဲ့ချီကာ စီအိုင် သက်သေခံလက်မှတ် တန်းစီပြုလုပ်ခဲ့ကြပြီး ညအိပ် စောင့်ဆိုင်းလုပ်ကိုင်ရတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ချွန်ဘူရီက မြန်မာလုပ်သားတယောက်ကတော့ စီအိုင်လုပ်တဲ့ ကုန်ကျငွေဟာ လုပ်သားတွေအတွက် ဝန်ထုပ်ဝန်ပိုးများစွာ ဖြစ်ရပြီး တချို့ တိုင်းရင်းသားတွေဆိုရင် မြန်မာပြည်ဘက်မှာ အချက်အလက်မရှိတာကြောင့် စီအိုင်လုပ်ခွင့်မရတဲ့ အခြေအနေတွေ ကြုံရတယ်လို့ ပြောပါတယ်။

“CI လုပ်တဲ့ အခက်အခဲ အကျပ်အတည်းကတော့ အစစအရာရာပဲ ကျပ်တည်းတယ်။ ဒါပေမဲ့ တခုတော့ရှိတာက ပိုက်ဆံပေးနိုင်ရင်တော့ လွယ်တာပေါ့။ ပြီးတော့ ဘယ်လိုအခက်အခဲရှိလဲ ဆိုတော့ တချို့ကလေးတွေက ဒီထိုင်းနိုင်ငံမှာ ကြီးပြင်းလာတာရှိတယ်။ နယ်စပ်မှာ ကြီးပြင်းလာတာ ရှိတယ်။ သူတို့မှာ မြန်မာနိုင်ငံက အချက်အလက်မရှိဘူး။ အဲ့လိုလူတွေလည်း လုပ်ခွင့်မပေးဘူး။ အဲ့လိုလူတွေ လုပ်ခွင့်မပေးတဲ့အခါကျ လုပ်လို့မရဘူးပေါ့။ ကျနော်တွေ့ဖူးတဲ့ အတွေ့အကြုံအရ ဝလူမျိုး၊ ကရင်လူမျိုး၊ ရှမ်း (တောင်ကြီး) အဲ့ဒီလူမျိုးတွေက များသောအားဖြင့် မြန်မာပြည်က အချက်အလက် မရှိတော့ဘူး။ အဲ့လူတွေမှာ အခက်အခဲရှိတယ်။ လုပ်ခွင့်မရှိတဲ့အခါကျ ဘတ် လုပ်ထားပေမယ့် စီအိုင်စာအုပ် မရဘူးပေါ့။ အခုဆိုရင် ထိုင်းနိုင်ငံမှာ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း စီအိုင်စာအုပ်မရှိရင် ဘတ်တခုတည်းနဲ့ နေလို့မရဘူးဆိုတော့ သူတို့တွေက လုပ်ထားသမျှ သဲရေကျတာပေါ့။ ဘာမှ လုပ်ခွင့်မရတော့ဘူးပေါ့။ အခုက ဘယ်လို ခံစားရလဲဆို အလုပ်လုပ်နေတာက ပတ်စ်ပို့ဖိုးပဲ ရှာပေးနေသလို ဖြစ်နေတာပေါ့” လို့ ထိုင်းရောက် မြန်မာလုပ်သား ကိုစိန်က ပြောပါတယ်။

CI သက်သေခံလက်မှတ် ပြုလုပ်ခ ထိုင်းအစိုးရရဲ့ တရားဝင် သတ်မှတ်ဈေးနှုန်းဟာ ဘတ်ငွေ ၇၁၀ ဝန်းကျင်သာ ရှိပေမဲ့ ပြင်ပမှာ လက်တွေ့လုပ်ဆောင်ရတဲ့ ကုန်ကျစရိတ်ဟာ ဘတ်ငွေ ၆,၀၀၀ လောက်ရှိပြီး work permit နဲ့ ပန်းရောင်ကတ် သက်တမ်းတိုးခတွေ အပါဆိုရင် ဘတ်ငွေ ၁၂,၀၀၀ ကျော် ကုန်ကျတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

မြန်မာလုပ်သားတွေအတွက် စီအိုင် သက်သေခံလက်မှတ် ပြုလုပ်ပေးမှုကို ချွန်ဘူရီ၊ ချင်းမိုင်၊ ရနောင်းနဲ့ ဆောင်ခလာတို့မှာ လုပ်ပေးခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံမှာ စီအိုင် ကိုင်ဆောင်ထားသူ အလုပ်သမားအရေအတွက် ၃ သိန်းကျော် ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013