DVB Logo
Home
မြန်မာသတင်း
ထိန်းသိမ်းခံ ယူနတီ သတင်းထောက်များကို အီတလီက ဂုဏ်ထူးဆောင်မြို့သားအဖြစ် ချီးမြှင့်
DVB
·
June 30, 2014
ထိန်းသိမ်းခံ ယူနတီ သတင်းထောက်များကို အီတလီက ဂုဏ်ထူးဆောင်မြို့သားအဖြစ် ချီးမြှင့်
Donate to DVB

နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ယူနတီဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးတို့ကို အီတလီနိုင်ငံ ဆာလာဘာဂန်ဇာမြို့ရဲ့ ဂုဏ်ထူးဆောင်မြို့သားအဖြစ် ချီးမြှင့် အသိအမှတ် ပြုလိုက်ပါတယ်။

[caption id="attachment_53370" align="alignright" width="300"]ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ -  Robert San Aung's) ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ - Robert San Aung's)[/caption]

လွတ်လပ်တဲ့ နိုင်ငံ တနိုင်ငံ မှာ ဒီမိုကရေစီရဲ့အခြေခံက သတင်းအချက်အလက် လွတ်လပ် မှု ဖြစ်တာကြောင့် သတင်းစာနယ်ဇင်း ကနေ တဆင့်  ကျင့်သုံးလုပ်ဆောင် သွားတဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက် ဦးရာဇာဦး၊ ဦးပိုင်သက်ကျော်၊ ဦးစည်သူစိုးနဲ့ မြို့ခံသတင်းထောက် ဦးလူမော်နိုင်၊ တို့ကို ဂုဏ်ထူးဆောင်မြို့တော်သားတွေအဖြစ် ဂုဏ်ပြုဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆာလာဘာဂန်ဇာမြို့တော်ဝန် ခရစ္စတီနာ မယ်ရူစီက ဒီဗွီဘီကို ပြောပါတယ်။

ခုလို ဂုဏ်ပြုခံရတဲ့သတင်းကို ထိန်းသိမ်းခံနေရတဲ့ သတင်းထောက်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကလည်း ၀မ်းသာ ဂုဏ်ယူနေကြတယ်လို့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက မကွေးတိုင်း ပေါက်မြို့နယ်က ဓာတုလက်နက်စက်ရုံလို့ ယူဆရတဲ့ အစိုးရ တည်ဆောက်နေဆဲ အဆောက်အဦတခုအကြောင်း သတင်းဖော်ပြချက်ကို ယူနတီဂျာနယ်မှာ ဖော်ပြထုတ်ဝေလိုက်တဲ့အတွက် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ဂျာနယ် သတင်းထောက်တွေနဲ့ အရာရှိတဦးကို ဖမ်းဆီးထိန်းသိမ်းထားတာပါ။

ဇွန် ၃၀ ရက်နေ့ နောက်ဆုံး တရားရုံးထုတ်မှာ ဖြစ်ပြီး အပြီးသတ် စီရင်ချက် ချမယ်လို့ မျှော်လင့်ရပါတယ်။

ဆာလာဘာဂန်ဇာမြို့တော်ဝန် မယ်ရုစီကတော့ ယူနတီသတင်းထောက်တွေဟာ ခုဆို သူတို့မြို့သား ဖြစ်သွားပြီလို့ ဆိုနိုင်တာကြောင့် ဒီသတင်းထောက်တွေရဲ့ ကံကြမ္မာတွေဟာ သူတို့မြို့သားအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။

ယူနတီဂျာနယ် သတင်းထောက်တွေကိုလည်း မြို့တော်သားအဖြစ် ဂုဏ်ပြုခန့်အပ်လွှာကို ကိုယ်တိုင်ကိုယ်ကျ လာရောက် လက်ခံနိုင်ဖို့ ဖိတ်ကြားချင်ပါတယ်လို့ မြို့တော်ဝန်က ပြောသွားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အ၀ ရရှိဖို့ လိုအပ်ပြီး ယူနတီဂျာနယ်သတင်းထောက်တွေ ဖမ်းဆီးခံရမှုရနေ အခက်အခဲတွေကို မြင်တွေ့နေရတာကြောင့် အဲဒီသတင်းထောက်တွေအတွက် ကူညီပေးချင်နေပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ သတင်းအချက်အလက် လွတ်လပ်ခွင့် ရှိစေချင်တယ်လို့ အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဂွီဆက်ပယ် မာလ်ပယ်လီက ပြောပါတယ်။

ခုလို ဂုဏ်ထူးဆောင်မြို့သားဆု ချီးမြှင့်လိုက်တဲ့သတင်းကိုလည်း သမ္မတဦးသိန်းစိန်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုနဲ့ နိုင်ငံတော်ရှေ့နေချုပ် ဦးထွန်းရှင် တို့အပါအ၀င် အဆင့်မြင့် မြန်မာအစိုးရတာဝန်ရှိသူတွေဆီ ပေးပို့ထားတယ်လို့ ဆိုပါတယ်။

ဆာလာဘာဂန်ဇာမြို့ဟာ အီတလီနိုင်ငံမြောက်ပိုင်း ပါးမားအနီးက လူဦးရေ ၅ သောင်း ၅ ထောင်လောက် နေထိုင်ကြတဲ့ မြို့ငယ်လေး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013