DVB Logo
Home
မြန်မာသတင်း
“NCA မူဘောင်အတိုင်း ဆက်လက် အကောင်အထည်ဖော်လို့ မရနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်”- စဝ်ခွန်းဆိုင်
DVB
·
May 17, 2023
“NCA မူဘောင်အတိုင်း ဆက်လက် အကောင်အထည်ဖော်လို့ မရနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်”- စဝ်ခွန်းဆိုင်
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရဲ့ လုပ်ငန်းစဉ်တွေကို NCA မူဘောင်အတိုင်း အကောင်အထည်ဖော်လို့မရတဲ့ အခြေအနေဖြစ်ပေမဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းနေတုန်းဖြစ်တယ်လို့ NCA-S-EAO ရဲ့ ထိပ်သီးညီလာခံမှာ သဘာပတိက ပြောပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲက ၇ ဖွဲ့ရဲ့ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးကို မေ ၁၇ ရက် ဒီနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်နေပြီး သူတို့လုပ်နိုင်တာက NCA ထဲမှာပါတဲ့ အားလုံးလက်မှတ်ထိုးထားတဲ့ အခြေခံမူဖြစ်တယ်လို့ သဘာပတိဖြစ်သူ စဝ်ခွန်းဆိုင်က ပြောလိုက်တာပါ။

“NCA ရဲ့ လုပ်ငန်းစဉ်တွေကို NCA မူဘောင်အတိုင်း ဆက်လက် အကောင်အထည်ဖော်လို့ မရနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ ပေါ်လစီတွေ ချမှတ်ဖို့နဲ့ လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန် အစည်းအဝေးများ ကျင်းပနိုင်ဖို့အတွက် ဒိုင်ယာလော့ခ်ပါတနာ (Dialogue Partner) တွေက ပြည့်ပြည့်စုံစုံ မရှိတော့ပါဘူး။ အဲဒီတော့ ကျနော်တို့လုပ်နိုင်တာ ဘာရှိမလဲ၊ ကျနော်တို့လုပ်နိုင်တာက NCA ထဲမှာပါတဲ့ ကျနော်တို့အားလုံး ဝိုင်းပြီးတော့မှ လက်မှတ်ထိုးထားတဲ့ အခြေခံမူ ဖြစ်ပါတယ်။”

အဲဒီအခြေခံမူထဲမှာ အခြေခံအကျဆုံးထဲမှာပါတဲ့ နိုင်ငံရေးပြဿနာကို အင်အားနဲ့မဖြေရှင်းဘဲ နိုင်ငံရေးနည်း၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့၊ သက်ဆိုင်ရာ Stakeholders တွေ ပါဝင်ဖို့ အဓိပ္ပာယ်ပြည့်ဝတဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲဖြစ်ဖို့၊ အရပ်သားကာကွယ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီရနိုင်ရေး မူ ၃ ချက်ကို စွဲကိုင်ပြီး လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ဘာတွေဆက်လုပ်ရမလဲ ဆိုတာကို သူတို့အနေနဲ့ အစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ပြီး ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

စဝ်ခွန်းဆိုင်က “ကျနော်တို့ရဲ့အလုပ်က ကိုယ့်အဖွဲ့၊ ကိုယ့်ရဲ့လူမျိုး၊ ကိုယ့်ရဲ့နယ်မြေအတွက် မဟုတ်ဘူး၊ ကျနော်တို့အလုပ်က ပြည်ထောင်စုအကျိုးအတွက်၊ ပြည်သူတရပ်လုံးနဲ့ ပြည်ထောင်စုအကျိုးအတွက် လုပ်ဖို့ဖြစ်တယ်။ ကျနော်တို့လုပ်တဲ့အလုပ်က လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ကိစ္စများ ဖြစ်ပါတယ်။ ဒီလို ငြိမ်းချမ်းရေးရရှိဖို့ လုပ်နေတဲ့အချိန်မှာ ငြိမ်းချမ်းရေးလုပ်နေတဲ့သူတွေအတွက် အလိုအပ်ဆုံးက ဘာလဲဆိုတော့ ကိုယ်ကိုယ်တိုင်က ငြိမ်းချမ်းဖို့၊ ကိုယ်ကိုယ်တိုင်က မငြိမ်းချမ်းပါဘဲနဲ့ ငြိမ်းချမ်းရေးကို လုပ်တယ်ဆိုရင် ဒါဟာ မဖြစ်နိုင်တဲ့အလုပ်ပဲဆိုတာကို သိထားကြရမှာ ဖြစ်တယ်” လို့လည်း ပြောပါတယ်။

NCA ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်းမှာတော့ KNU နဲ့ CNF က နုတ်ထွက်သွားခဲ့ပါတယ်။အခုထိပ်သီးညီလာခံကို မေ ၁၇ ရက်ကနေ ၁၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး RCSS၊ ABSDF၊ ALP၊ KNU/KNLA-PC၊ PNLO၊ ALP၊ LDU တို့ တက်ရောက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013