DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ ဟီရိုရှီးမား ငြိမ်းချမ်းရေးဆု ရရှိ
DVB
·
May 17, 2023
နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ ဟီရိုရှီးမား ငြိမ်းချမ်းရေးဆု ရရှိ
Donate to DVB

မီဒီယာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ကို ၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနဲ့ ယဉ်ကျေးမှု ဟီရိုရှီးမားဆုကို ချီးမြှင့်ကြောင်း The Edita and Ira Morris Hiroshima Foundation က ကြေညာလိုက်ပါတယ်။

BNI ဟာ ပြည်တွင်း ပြည်ပမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေအတွင်းက သတင်းတွေကို သတ္တိရှိရှိ ဖြန့်ဝေကာ ရက်စက်ယုတ်မာမှု၊ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ပရိသတ်တွေအတွက် သတင်းတွေကို အင်္ဂလိပ်ဘာသာပြန်ဆိုပေးတဲ့ သတင်းဌာန ၁၅ ခုနဲ့ ဖွဲ့စည်းထားပါတယ်။

BNI အနေနဲ့ တနှစ်တာအတွင်း သူတို့ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု ကြိုးပမ်းမှုတွေအတွက် ချီးမြှင့်တာဖြစ်ကြောင်းနဲ့ အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး သတင်းတင်ဆက်မှုကနေတဆင့် ငြိမ်းချမ်းရေးနဲ့ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ပေးတဲ့အပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာဖြစ်ပါတယ်။

BNI ရဲ့ မန်းနေဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုက “အဓိကကတော့ ကျမတို့ ဒီဆုလေး ရရှိလိုက်တယ်ဆိုတဲ့ အနေအထားက ကျမတို့ တိုင်းရင်းသားမီဒီယာတွေ၊ ဒေသခံမီဒီယာတွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအတွက် ကျမတို့ ဒီလူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ဆိုတဲ့ အခြေအနေလေးတွေက ကျမတို့နိုင်ငံမှာ အမြန်ဆုံးရောက်ရှိဖို့အတွက် သတင်းတင်ဆက်မှုကနေတဆင့် ပိုမိုပြီးတော့မှ ထုတ်ဖော်လုပ်ဆောင်ဖို့ လိုအပ်လာတယ်ဆိုတာ ဒါက တွန်းအားဖြစ်စေတယ်လို့ ကျမနားလည်တယ်။ အဲလိုလည်း ခံယူလိုက်တယ်။ နောက်တခုကကျတော့ တကယ့်မြေပြင်မှာ သတင်းတွေယူပြီးတော့မှ ရေးသားနေရတဲ့ သတင်းထောက်တွေ CJ တွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေပေးတဲ့ကြားကနေပြီးမှ သတင်းတွေ ရေးသားထုတ်ဖော်မှုတွေ အပေါ်မှာလည်း ဒါက နိုင်ငံတကာက အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီဆုကိုပေးတာပေါ့နော်။ ပြောမယ်ဆိုရင် အခုနက သတင်းထောက်တွေရော၊ CJ တွေအတွက်ကလည်း သတင်းတွေကို ပိုမိုပြီးတော့မှ ရေးသားဖို့အတွက်လည်းပဲ စိတ်ဓာတ်ခွန်အားတွေ အများကြီးရရှိသွားစေမယ်ဆိုတဲ့ အခြေအနေလေးတခု ဖြစ်ပါတယ်” လို့ ပြောပါတယ်။

BNI က ရရှိထားတဲ့ ၂၀၂၃ ခုနှစ်အတွက် ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ချီးမြှင့်မှာ ဖြစ်ပြီး ဆုပေးပွဲကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ လာမယ့် စက်တင်ဘာလအတွင်း ကျင်းပမယ်လို့ အဖွဲ့က ကြေညာထားပါတယ်။

BNI ဖွဲ့စည်းထားတဲ့ နှစ်ပေါင်း ၂၀ မှာ အခုလို ဆုရရှိတာ ပထမဆုံးအကြိမ်ဖြစ်ပေမဲ့ တိုင်းရင်းမီဒီယာတွေအတွက် ခွန်အားဖြစ်စေတယ်လို့လည်း ဒေါ်တင်တင်ညိုက ပြောပါတယ်။

“ကျမတို့ BNI က အခုဖွဲ့စည်းလာတာ နှစ် ၂၀ ကျော်လာပြီ။ အဖွဲ့ဝင် အဖွဲ့အစည်းတချို့ ဆိုရင်လည်း နှစ် ၂၀ နဲ့ ၃၀ ကြားရှိလာပြီ။ တောက်လျှောက်က တော်လှန်ရေးအတွက် အထူးသဖြင့်တော့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် တဖက်တလမ်းက နေပြီးတော့ ဒီတိုင်းရင်းသားမီဒီယာတွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေက တစိုက်မတ်မတ်နဲ့ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ အခြေအနေလေးတခုရဲ့ နောက်ဆုံး သမိုင်းမှတ်ကျောက်လေးတခုကို စိုက်ထူနိုင်တဲ့ အနေအထား ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒါက ကျမတို့ အခုချိန်ကနေစပြီးတော့ နောင်အနာဂတ်မှာ တိုင်းရင်းသားမီဒီယာတွေ၊ လူမျိုးစုကို ကိုယ်စားပြုတဲ့ မီဒီယာတွေ၊ ဒေသခံမီဒီယာတွေကလည်းပဲ တခြားသော မီဒီယာကြီးတွေနဲ့ အတူ ပြည်သူလူထုကို အလုပ်အ‌ကျွေးပြုနေတဲ့ ဝန်ဆောင်မှုတွေ ပေးနေတယ်။ သူတို့ကလည်းပဲ သူတို့ရဲ့အခန်းကဏ္ဍကလည်း အရေးကြီးတယ်။ သူတို့ရဲ့ ဆောင်ရွက်ချက် အရေးပါတယ်ဆိုတာ ကျမတို့က ပိုမိုပြီးမှ မြင်လာရတယ်။ ဆိုတော့ ကျမတို့ အများကြီး ဆက်ပြီးတော့မှ ပိုမိုကောင်းမွန်၊ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီးတော့မှ ပြည်သူလူထုကို အစဉ်အဆက်မပြတ် ဝန်ဆောင်မှုပေးနိုင်တဲ့ မီဒီယာတွေ ပေါ်ထွက်လာဖို့အတွက်လည်းပဲ ခွန်အားတွေ တွန်းအားတွေ ဖြစ်စေမယ်လို့ ကျမအနေနဲ့ ယုံကြည်ပါတယ်။”

Ira Morris Hiroshima Foundation for Peace and Culture ဆုကို ၁၉၀၃-၁၉၇၂ ခုနှစ်မှာ အမေရိကန်စာရေးဆရာ Ira Morris နဲ့ လက်ထပ်ခဲ့တဲ့ ဆွီဒင်စာရေးဆရာ Edita Morris ရဲ့ တောင်းဆိုချက်အရ ၁၉၈၉ ခုနှစ်မှာ ဒီဆုကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဒီဆုဟာ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ တွေ့ဆုံဆွေးနွေးမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေမှာ ပါဝင်တဲ့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေကို ပေးအပ်ချီးမြှင့်တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013