
ကယား(ကရင်နီ)ပြည်နယ်၊ ဘောလခဲမြို့နယ်၊ စောလုံကျေးရွာမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
မေလ ၁၇ ရက် မနက် ၄ နာရီလောက်မှာ စောလုံကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး၂ ကြိမ် ကြဲချခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးပြီး အသက်ကြီးပိုင်း အမျိုးသား ၄ ဦး ဒဏ်ရာရရှိကာ ကျေးရွာဆေးပေးခန်း အဆောက်အဦ ၂ လုံးနဲ့ လူနေအိမ် ၆ လုံး ပျက်စီးပြီး ဘုန်းကြီးကျောင်း ၁ ကျောင်း အနည်းငယ် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက “ဗုံးက ၂ ကြိမ်ကြဲတာ။ ရွာလယ်ကောင်ကို ကြဲချတာ။ ဒီရက်ထဲတော့ တိုက်ပွဲဖြစ်ထားတာ မရှိပါဘူး။ တိုက်ပွဲက ၁၃ ရက်နေ့က ကျနော်တို့နဲ့ နောက်ဆုံးဖြစ်ထားတာဗျ။ မနက်အစောကြီး လူတွေအိပ်ချိန် လာကြဲတာဆိုတော့ ပြည်သူတွေကို အကြောက်တရားတွေ ပေးချင်တာပဲဖြစ်မှာပေါ့။ အမျိုးသမီးတဦးတော့ ကျသွားတယ်။ ဒဏ်ရာရတဲ့ အမျိုးသားတွေက သိပ်မစိုးရိမ်ရပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်က ဘောလခဲခရိုင်အတွင်း လူနေကျေးရွာတွေကို လေယာဉ်နဲ့ဗုံးကြဲခဲ့တာ ၃ ကြိမ်အထိ ရှိလာပြီး ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်မှုကို ဂရုတစိုက် ပြင်ဆင်ထားသင့်ပြီလို့ ဘောလခဲ PDF က သတိပေးထားပါတယ်။