DVB Logo
Home
မြန်မာသတင်း
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းတွင် နေအိမ်အဆောက်အဦ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီး
DVB
·
May 17, 2023
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းတွင် နေအိမ်အဆောက်အဦ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီး
1 / 6
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာ မေ ၁၄ ရက် နေ့လယ်ပိုင်းကနေ ညနေပိုင်းအထိ မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့လို့ နေအိမ်၊ အဆောက်အဦ ၈၀ ရာခိုင်နှုန်းလောက် ထိခိုက်ပျက်စီးကာ ပြည်သူတွေ လေဘေးဒုက္ခ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပုဏ္ဏားကျွန်း​မြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာ မေ ၁၄ ရက် မနက် ၁၁ နာရီခွဲကနေ ညနေ ၅ နာရီအထိ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တာပါ။ အတွေ့ကြုံရှိတဲ့ လူကြီးတွေပြောတာကတော့ မြန်မာသက္ကရာဇ် ၁၃၃၀ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ၁ နာရီကို မိုင် ၁၂၀ လောက်သာ တိုက်ခတ်ခဲ့ပေမဲ့ အခုတိုက်ခတ်တဲ့ မိုခါမုန်တိုင်းဟာ ၁ နာရီကို မိုင် ၁၄၀ လောက် တိုက်ခတ်ခဲ့တာကြောင့် ပိုမိုပြင်းထန်တယ်လို့ အလယ်ချောင်းကျေးရွာ ဒေသခံ ကိုမျိုးကျော်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီမုန်တိုင်းကြောင့် နေအိမ် အဆောက်အဦ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးခဲ့ပြီး အများအားဖြင့် စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းတွေ ပျက်စီးကာ လျှပ်စစ်ဓာတ်မီးတိုင်၊ ထရန်စဖော်မာတွေ ပြိုလဲပျက်စီးခဲ့ပြီး ကျေးရွာအတွင်းမှာရှိတဲ့ အိမ်တွေဆိုရင် ဘာတခုမှ မကျန်တော့ဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ NGO၊ INGO အဖွဲ့တွေဆီက ထောက်ပံ့ပစ္စည်းတွေ မြန်ဆန်မယ်ဆိုရင်တော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ၂ လအတွင်း လုပ်ဆောင်နိုင်မှာဖြစ်ပေမဲ့ ပြည်သူတွေမှာကတော့ ဘာမှမရှိတော့ဘူး။ လျှပ်စစ်ဓာတ်အား ရရှိနိုင်ဖို့ကတော့ အီးပီစီအပေါ်မှာပဲ မူတည်တယ်။”

ဒေသခံပြည်သူတွေမှာ နေအိမ်တွေ ခေါင်မိုးတွေ အကုန်ပါသွားတာကြောင့် နေစရာမရှိသလို စားစရာလည်း အခက်အခဲတွေဖြစ်နေပြီး ကျန်နေခဲ့တဲ့ အဆောက်အဦတွေမှာပဲ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

နေအိမ်တွေမှာရှိတဲ့ ဆန်တွေဆိုရင်လည်း မိုးရေတွေစိုသွားတာကြောင့် ပျက်စီးသွားသလို လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေတာကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရပြီး ကုန်စျေးနှုန်းတွေ၊ အိမ်ဆောက်ပစ္စည်းတွေလည်း အဆမတန် စျေးနှုန်းမြင့်တက်နိုင်တယ်လို့ ပြောပါတယ်။

မကျည်းချောင်းကျေးရွာ ဒေသခံ ဒေါ်သန်းသန်းမေက “ကျမတို့မှာ ဘာမှလည်း မကျန်ဘူး၊ အကုန်လုံးပါသွားတယ်။ ခြံတွေရော၊ အိမ်တွေရော၊ ပုဇွန်ကန်တွေရော အကုန်လုံး ဘာမှမကျန်ဘူး။ တရွာလုံးမှာလည်း ဘာမှမကျန်ဘူး။ ကျွဲ နွား တိရစ္ဆာန်တွေလည်း သေကုန်တယ်။ အသက် ၅၀ ကျော်အရွယ်ထိ ဒီလောက်ပြင်းထန်တဲ့ မုန်တိုင်းမျိုး တခါမှ မတွေ့ကြုံဘူးသလို ဘယ်အဖွဲ့အစည်းတွေကမှ အကူအညီ အထောက်အပံ့တွေ ရောက်မလာလို့ စားဝတ်နေရေးတွေလည်း အခက်အခဲ ကြုံနေကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သောက်သုံးရေလည်း အခက်အခဲ ဖြစ်နေကြသလို စားစရာ ဘာမှမကျန်လိုက်လို့ ကြွေကျထားတဲ့ အုန်းသီးတွေ၊ သရက်သီးတွေကိုပဲ စားနေကြရတယ်လို့ ပြောပါတယ်။

ဆက်သွယ်ရေး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် တအိမ်နဲ့တအိမ် တရွာနဲ့တရွာ ဆက်သွယ်ဖို့ ခက်ခဲနေပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အမြန်ဆုံးပြန်ဖွင့်ပေးမှသာ စားဝတ်နေရေးအတွက် အဆင်ပြေမှာ ဖြစ်သလို အကူအညီတွေလည်း တောင်းခံနိုင်မယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်ခြမ်းမှာ ကျေးရွာပေါင်း ၃၀ ကျော်လောက်ရှိပြီး မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေ၊ မိုးကာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013