DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်ကို ဆွေမျိုး၊ အစ်မ သဖွယ်ထားရှိဟု စစ်အာဏာရှင်ဘက်က ပြောဆိုမှု လက်တွေ့နှင့် ကင်းကွာနေ
သုတချမ်းသာ
·
July 13, 2026
Photo: MOFA-Thailand
Photo: MOFA-Thailand
Donate to DVB

အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်ပြီး ဆွေမျိုး၊ အစ်မတယောက်လို ဂရုစိုက်မယ်လို့ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးက အာဆီယံဝန်ကြီးတွေကို ပြောဆိုခဲ့ပေမဲ့ လက်တွေ့မြေပြင်မှာတော့ သတင်းအမှောင်ချထားဆဲပဲလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဇူလိုင် ၁၂ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံရာမှာ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး “ကျန်းမာရေးကောင်းတယ်၊ ဆွေမျိုးတယောက်၊ အစ်မတယောက်လိုဖြစ်တဲ့အတွက် ဂရုစိုက်မယ်” လို့ ကတိပေး ပြောကြားခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး  မာရီယာ ထရီဆာ လာဇာရိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို အတည်ပြုနိုင်ရေးအတွက် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်နဲ့  တွေ့ဆုံခွင့်ပေးဖို့ တုံ့ပြန်တောင်းဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့ စစ်အာဏာရှင်ဘက်က ပြောဆိုခဲ့ပေမဲ့ လက်တွေ့ မြေပြင်မှာတော့ ဘယ်နေရာမှာ ထိန်းသိမ်းထားပြီး ဘယ်လိုအခြေအနေရှိတယ်၊ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတာ လက်ရှိအချိန်အထိ သက်သေမပြနိုင်သေးဘဲ သတင်းအမှောင်ချထားတာ ဖြစ်ပါတယ်။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “အဲဒါတော့ ကျနော်တို့ မသိဘူးဗျ။ သူတို့ကိုလည်း မေးဖို့မသင့်ဘူး၊ သူတို့ကလည်း ပြောမှာလည်း မဟုတ်ဘူးလေ။ ဘာကြောင့်လဲဆိုတော့ ညွှန်မှူးတွေ၊ ထောင်ပိုင်တွေ အကုန်လုံးက တပည့်တွေဆိုပေမဲ့ ဒါတွေက အတွင်းသတင်းတွေဖြစ်တော့၊ ကျနော်တို့ကလည်း ဌာနပြင်ပရောက်သွားတော့ မေးလည်းမမေးသင့်ဘူး၊ သူတို့ကလည်း ပြောမှာမဟုတ်ဘူး” လို့ ပြောပါတယ်။

နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က “အကျဉ်းသားတယောက်မှာ ကျနော်တို့က ထောင်လက်စွဲဆိုတာရှိတယ်၊ အချုပ်လက်စွဲ၊ ရဲလက်စွဲဆိုတာ အကုန်ရှိတယ်၊ ထောင်လက်စွဲ ရဲလက်စွဲနဲ့အညီ ထားတာမဟုတ်ဘူး။ ဥပမာ တွေ့ခွင့်ပေးတာတို့ ကျန်းမာရေးစောင့်ရှောက်တာတို့ လိုအပ်တဲ့ ကယ်လိုရီ ဖြည့်ဆည်းပေးတာတို့။ အခုဟာက အမှုလိုက်ပေးတဲ့ရှေ့နေတွေ တရားမမှုလိုက်ပေးတဲ့ ရှေ့နေတွေတောင် တွေ့ခွင့်မပေးဘူး။ အဲဒါတွေက ထောင်လက်စွဲနဲ့အညီ ဆောင်ရွက်ထားတာ တခုမှမရှိဘူး။ သူတို့ ဘယ်လိုပဲပြောပြော ဥပဒေနဲ့လုပ်ရမှာ၊ ဆွေမျိုးလိုပဲ ထားတယ်ပြောပြော၊ အိမ်မှာထားတယ်ပဲပြောပြော၊ တကယ်တမ်း အကျဉ်းသားလက်စွဲတွေနဲ့အညီ လုပ်ကို လုပ်ပေးရမဲ့ကိစ္စကို လုပ်ပေးထားတာ မရှိတဲ့အတွက် ဥပဒေနဲ့မညီဘူး။ နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေး အကာအကွယ်မရဘူး၊ ကျန်းမာတယ်ဆိုတာ တရားဝင်သိရတာ မဟုတ်ဘူး၊ ဆင့်ကဲ ဆင့်ကဲ စုံစမ်းရတာ။ တကယ်တမ်းက မိသားစုနဲ့ဖြစ်စေ ရှေ့နေတွေနဲ့ဖြစ်စေ ထောင်လက်စွဲအရ တွေ့ခွင့်ရှိရမယ်လေ” လို့ ပြောပါတယ်။

စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာ ပါဝင်တဲ့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှနန်ကတော့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်ပြီး မြန်မာ့နိုင်ငံရေးတိုးတက်မှုဆိုတာကို စကားလုံးနဲ့မဟုတ်ဘဲ သက်သေနဲ့ အတည်ပြုနိုင်မဲ့ အချက် ၃ ချက်ကို တောင်းဆိုတယ်လို့ ပြောပါတယ်။

အဲဒီ ၃ ချက်ကတော့ အရပ်သားတွေအပေါ် အကြမ်းဖက်မှု အပြီးတိုင်ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ အာဆီယံ လူသားချင်းစာနာမှုကူညီရေး ဗဟိုစင်တာ (AHA) က နိုင်ငံရေးဘက်လိုက်မှု၊ ခွဲခြားမှုမရှိဘဲ နိုင်ငံအနှံ့ လိုအပ်တဲ့နေရာတွေကို အကူအညီပေးပို့နိုင်ရေးတို့ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က “နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေ ပေါ့ဗျာ၊ အတုအယောင် နိုင်ငံခြားရေးဝန်ကြီးပေါ့၊ စစ်အာဏာရှင်အဆက်ဆက်က လိမ်တဲ့နေရာမှာ ကမ္ဘာကျော်ပဲဗျ။ အခုလည်း နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အရှေ့မှာ အစ်မတယောက်လို၊ ဆွေမျိုးသားချင်းတယောက်လို သဘောထားတယ်ဆိုရင် အာဏာတောင် လုစရာအကြောင်းမရှိဘူး၊ သိမ်းစရာတောင် အကြောင်းမရှိဘူး၊ မတရားသဖြင့် ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ ဖမ်းစရာလည်း အကြောင်းမရှိဘူး၊ ဒါက နိုင်ငံရေးအရ ဓားစာခံအဖြစ် ပြန်ပေးဆွဲထားတာ၊ ကြောက်လွန်းလို့ကို တုန်လှုပ်ချောက်ချားနေတဲ့ အနေအထား၊ ဘာကြောင့် တွေ့ဆုံခွင့် မပြုရဲတာလဲပေါ့ဗျာ၊ ရိုးသားမှုမရှိဘူး။ ကျနော်တို့မေးချင်တာက သူတို့ ဘာတွေလုပ်ထားသလဲပေါ့၊ သက်ရှိထင်ရှား ရှိသေးရဲ့လားပေါ့ဗျာ။ Proof of Life နဲ့ ပတ်သက်လို့က ကိုထိန်လင်း ဦးဆောင်ပြီး ကမ်ပိန်းတွေ လုပ်တယ်၊ သို့သော်ငြားလည်း စစ်ယူနီဖောင်းဝတ်ပြီးတော့ ယောက်ျားရင့်မာကြီးတွေလို့ ဘယ်လောက်ကြီးပဲ ပြောနေပါစေ၊ လက်တွေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ လွှတ်ဖို့တော့ တော်တော်လေးကို တုန်လှုပ်ချောက်ချားနေတာ ကျနော်သတိထားမိတယ်” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် သားဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်း ဦးဆောင်ပြီး နိုင်ငံတကာရောက် မြန်မာတွေက Proof of Life ကမ်ပိန်းတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် ကိုထိန်လင်းက အထူးစိုးရိမ်နေပြီး သူပြန်လည်လွတ်မြောက်ရေးနဲ့ အသက်ထင်ရှားရှိနေကြောင်း စစ်အာဏာရှင်အနေနဲ့ သက်သေပြဖို့ နိုင်ငံတကာအစိုးရတွေက ဝိုင်းဝန်းဖိအားပေးဖို့ တိုက်တွန်းနေတာပါ။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013