DVB Logo
Home
နိုင်ငံရေး
ထိုင်းဝန်ကြီးချုပ်နှင့် အစိုးရဖွဲ့ရန် အဆင်သင့်ပြီဟု Move Forward  ပါတီကြေညာ 
DVB
·
May 15, 2023
ထိုင်းဝန်ကြီးချုပ်နှင့် အစိုးရဖွဲ့ရန် အဆင်သင့်ပြီဟု Move Forward  ပါတီကြေညာ 
Donate to DVB

မေလ ၁၄ ရက်က ကျင်းပပြီးစီးသွားတဲ့ ထိုင်းနိုင်ငံ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ လိမ္မော်ရောင်အမှတ်အသားပါ Move Forward Party (ကလောက်ကိုင်ပါတီ) က ပါတီလွှတ်တော်အမတ်နေရာမှာရော၊ ခရိုင်အမတ်နေရာမှာပါ ဆန္ဒမဲအများဆုံးနဲ့ အနိုင်ရခဲ့ပါတယ်။ 

ကြိုတင်မဲအရေအတွက်တွေ ထည့်မပေါင်းရသေးသလို ရွေးကောက်ပွဲကော်မရှင်က မဲရလဒ် တရားဝင်မကြေညာသေးပေမဲ့  MFP ပါတီကတော့ သူတို့ပါတီ အနိုင်ရကြောင်းနဲ့ ဝန်ကြီးချုပ် ဖြစ်ဖို့နဲ့ အစိုးရကို ဦးဆောင်ဖွဲ့စည်းသွားဖို့ အဆင်သင့်ပြီလို့ ပါတီခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ်က ဒီကနေ့မနက် သတင်းစာရှင်းပွဲမှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ 

“ပြည်သူတွေက မိမိဆန္ဒကို ရွေးကောက်ပွဲနဲ့ ပြသခဲ့ကြပြီ၊ ပြည်သူတွေက တိုင်းပြည်ကို အသွင်ကူးပြောင်းဖို့ ဆန္ဒရှိတယ်ဆိုတာ ပြသခဲ့ပြီ။ ကျနော့်အနေနဲ့  ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်ဖြစ်ဖို့ အဆင်သင့်ပဲ။ အစိုးရတရပ်ကို ဖွဲ့စည်းပြီး အနာဂတ်တိုင်းပြည်ကို ဦးဆောင်ဖို့ အဆင်သင့်ပဲ။ မတူကွဲပြားတဲ့ အမြင်သဘောထားအမျိုးမျိုးကို နားထောင်ပေးဖို့ အသင့်ရှိတယ်။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူအားလုံးကို လေးစားပြီး ဆက်လက်ဖွံ့ဖြိုး ရှင်သန်အောင် ဆောင်ရွက်သွားဖို့ အသင့်ရှိတယ်။ ပြည်သူတွေရဲ့ သဒ္ဓါတရား၊ တရားမျှတမှုတွေကို လွှတ်တော်ကနေ ပြန်လည်တုံ့ပြန်ပေးဆပ်မယ်။”

အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့  အတိုက်အခံပါတီအားလုံးနဲ့ ပူးပေါင်းမယ်လို့ ကတိပြုထားတဲ့အတိုင်း အဲဒီပါတီ ခေါင်းဆောင်တွေဆီ ဖုန်းနဲ့ဆက်သွယ်ထားပြီး ဖြစ်တယ်လို့လည်း  MFP ပါတီခေါင်းဆောင် ထိမ်းဖိထားက ပြောပါတယ်။

“တချို့လည်း သူတို့ကစပြီး ဆက်သွယ်လာတယ်။ အဲဒီပါတီတွေက ဖွေ့ထိုင်း၊ ပချားချတ်၊ ထိုင်းဆန့်ထိုင်း၊ Thai Liberal Party၊ Fair Party စတဲ့ပါတီတွေ ဖြစ်တယ်။ ဖွေ့ထိုင်းပါတီ ခေါင်းဆောင် ဖဲထောင်းထန်းရှင်နာဝပ်နဲ့လည်း ဖုန်းပြောပြီးပါပြီ။ ကျနော်တို့အနေနဲ့ သူတို့ပါတီရဲ့ ကြိုးစားမှုနဲ့ အောင်မြင်မှုအပေါ် ဂုဏ်ယူကြောင်း ပြောခဲ့တယ်။ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကျနော် ဖိတ်ခေါ်ခဲ့တယ်” လို့ ပါတီခေါင်းဆောင် ဖိထားက ပြောပါတယ်။

အတိုက်အခံပါတီတွေနဲ့ ပူးပေါင်းရာမှာ သက်ဆိုင်ရာပါတီတွေရဲ့ မူဝါဒနဲ့ စည်းကမ်းချက်တွေ ပြန်လည်ညှိနှိုင်းပြီး MOU သဘောတူညီချက် လက်မှတ်ထိုးပြီး ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ အတိုက်အခံပါတီတွေအားလုံးပူးပေါင်းရင် အမတ်နေရာ ၃၀၉ နေရာရမယ်လို့ မျှော်မှန်းကြောင်း၊ ဒါဟာ အစိုးရဖွဲ့ဖို့ လုံလောက်တယ်။ အထက်လွှတ်တော်အမတ် ၂၅၀ ကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိပါသလားလို့ သတင်းထောက်ကမေးရာမှာ ပြည်သူတွေရဲ့ဆန္ဒကို ဦးတည်မယ်ဆိုရင် ဘာမှပြဿနာဖြစ်စရာ အကြောင်းမရှိ၊ အစိုးရဖြစ်တာနဲ့ ပြဿနာဟောင်းကို ဖြေရှင်းပြီး လာမယ့်ပြဿနာသစ်ကို ရင်ဆိုင်ဖို့လည်း အသင့်ရှိတယ်၊ ဖွဲ့စည်းပုံပြင်ဆင်ဖို့နဲ့ မညီမျှမှုတွေကို လျှော့ချဖို့   ပြည်လုံးကျွတ်ဆန္ဒခံယူပြီး လွှတ်တော်ကိုယ်စားလှယ် ခန့်ထားမယ်လို့ ဆိုပါတယ်။

MFP ခေါင်းဆောင်က အခုလို ယုံကြည်ချက်အပြည့်နဲ့ ပြောနေပေမဲ့ သူဟာ iTV မီဒီယာလုပ်ငန်းထဲမှာ အစုရှယ်ယာ ပါဝင်နေတာကို ပြန်လည်စိစစ်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ဆီ အတိုင်ခံထားရတဲ့ကိစ္စနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် အစိုးရဖွဲ့နိုင်ဖို့ စစ်ကောင်စီ အစိုးရလက်ထက်က ခန့်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ နေရာ ပြဿနာတွေ ကျော်လွှားရဦးမှာဖြစ်တဲ့အပြင် ကြိုတင်မဲရလဒ်အခြေအနေလည်း ထပ်မံစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

ကိုးကား - MoveForwardPartyThailand

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013