
အာဆင်နယ်အသင်းဟာ ဘက်ဆစ်တပ်စ်ကို ပြောင်းရွှေ့သွားတဲ့ လီယန်ဒရို ထရော့ဆတ် နေရာမှာ အစားထိုးဖို့ ကလပ်ဘရုဂေး တောင်ပံကစားသမား ခရစ်စတော့စ် တီဇိုလစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီလို့ Sky Sports သတင်းဌာနက ဖော်ပြပါတယ်။
ပြောင်းရွှေ့ကြေးကတော့ ပေါင် ၃၄ သန်းဖြစ်ပြီး ဒါဟာ ဘယ်လ်ဂျီယံ ပရိုလိဂ်သမိုင်းမှာ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်လာမယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းက စိတ်ဝင်စားနေမှန်း သိသိချင်းမှာပဲ တီဇိုလစ်ဘက်ကလည်း အာဆင်နယ်ကိုသာ ပြောင်းရွှေ့ချင်ခဲ့တာပါ။
နောဝစ်ချ်စီးတီး ကစားသမားဟောင်းဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် တီဇိုလစ်ဟာ ပြီးခဲ့တဲ့ရာသီက ၃၆ ပွဲကစားရာမှာ ၁၇ ဂိုးသွင်းယူပြီး ၂၃ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။
ဒီအပြောင်းအရွှေ့ဟာ အာဆင်နယ်က နောက်ထပ်ပစ်မှတ်ထားနေတဲ့ မော်ဂန် ရော်ဂျာကို ခေါ်ယူမဲ့ အစီအစဉ်အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့လည်း သတင်းမှာ ဆက်လက် ဖော်ပြထားပါတယ်။










