
ကန့်ဘလူ ပဇီကြီးကျေးရွာမှာ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်ခံရလို့ ကွယ်လွန်သွားကြသူတွေအတွက် ၁ လ ပြည့် ဆုတောင်းပွဲနဲ့ အကြမ်းဖက် စစ်ကောင်စီကို အားပေးထောက်ခံနေတဲ့ တရုတ်အစိုးကို ဆန့်ကျင်ကန့်ကွက်တဲ့လှုပ်ရှားမှုကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့၊ ဆာရေးအရပ်ရှိ Hawthorne Rotary ပန်းခြံမှာ ဒေသအချိန် မေလ ၁၃ ရက်က ကျင်းပ ပါတယ်။
ဆုတောင်းပွဲကို ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူတွေလာရောက်ပါဝင်ခဲ့ကြပြီး ပဇီကြီးကျေးရွာအတွက် ကူညီထောက်ပံပေးနိုင်ဖို့ ကနေဒါ ဒေါ်လာ ၂၀၀၀ ကျော်လောက် ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။
ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိူ့နယ်၊ ပဇီကြီးကျေးရွာမှာ ရွာသားတွေ စုရုံးနေချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေနဲ့ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်လို့ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၇၄ ဦးကျော်သေဆုံးခဲ့ရတာဖြစ်ပါတယ်။
ပြည်သူတွေကို တရားမဲ့ ညှင်းပန်းနှိပ်စက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အားပေးကူ ညီထောက်ပံ့နေတဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးလည်း ဆန့်ကျင်ကန့်ကွက်ကြောင်း ကနေဒါရောက် မြန်မာတွေက သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဗန်ကူးဗားမြို့မှာ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ဦးဌေးအောင်က “ဒီကနေ့ မြန်မာပြည်မှာဖြစ်နေတဲ့ အနေအထားတွေအားလုံးဟာ စစ်ကောင်စီကို အားပေးအားမြှောက်ပြုနေတဲ့ နိုင်ငံတွေ ရှိနေလို့ဆိုတာကို တကမ္ဘာလုံးကသိထားပြီးဖြစ်တယ်။ စစ်ကောင်စီကို အားပေးအားမြှောက်ပြုနေတဲ့ နိုင်ငံတွေထဲမှာ တရုတ်ရှိတယ်၊ ရုရှားရှိတယ်ပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို အားပေးအားမြှောက်ပြုနေတဲ့ နိုင်ငံတွေဟာ ပထဝီနိုင်ငံရေးအရ တကယ်တမ်းပြောမယ်ဆိုရင် သူအကျိုးစီးပွား ကိုယ့်အကျိုးစီး၊ အကျိုးစီးပွားပေါင်း မြောက်မြားစွာအပေါ်မှာ ဒီဟာတွေကို ဆက်ပြီးတော့ ကျင့်သုံးနေတယ် ဆက်လုပ်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့ မြန်မာပြည်ရဲ့ အပြောင်းအလဲသည် ပြည်သူလူထု လက်ထဲမှာပဲရှိတယ်”လို့ ပြောပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာရှင်တွေဟာ လက်နက်မဲ့ ပြည်သူလူထုအပေါ် မတရားဖမ်းဆီးထောင်ချတာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်သတ်ဖြတ်တာ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာ၊ ကျေးရွာတွေကို ရွာလုံးကျွတ် မီးရှို့ သတ်ဖြတ်တာ အပါအဝင် အထွေထွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက သိရှိမှတ်တမ်းတင်ထားပြီးဖြစ်တယ်၊ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေက ဝိုင်းဝန်း အရေးယူဆောင်ရွက်ဖို့ ရှေ့တန်းက ကြိုးပမ်းဆောင်ရွက်မှု အပေါ် နှစ်ထောင်အားရဖြစ်ရတယ်၊ စစ်အာဏာရှင်အဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဗီတိုအာဏာသုံးပြီး ဆုံးဖြတ်ချက်တွေကို ပယ်ချတာကြောင့် စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်အပေါ် အကာအကွယ်ပေးမှုအပေါ် မြန်မာလူထုက ပိုမိုခံစားနေကြရတယ်လို့ဆိုပါတယ်။
ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံအတွင်း တရုတ်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုအကျိုးရှိစေရန်အတွက် တရုတ်အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်း လုပ်နေတဲ့ စီးပွားရေးစီမံကန်းတွေအားလုံးကို ယာယီ ရပ်ဆိုင်းထားဖို့ ကနေဒါရောက်မြန်မာတွေက တရုတ်အစိုးရကို တောင်းဆိုပါတယ်။
“နိုင်ငံရေးတည်ငြိမ်မှုရှိတဲ့ အခင်းအကျင်းနဲ့ စီးပွားရေးဖွံ့ဖြိုးတဲ့ အသိုက်အမြုံကို ပိုမိုကျယ်ပြန့်စွာ ဖန်တီးနိုင်ဖို့ နိုင်ငံတကာမိသားစုနဲ့ အတူပူးပေါင်းဆောင်ရွက်ဖို့၊ အာဆီယံ မူ ၅ ချက်ကို စစ်ကောင်စီအနေနဲ့ အကောင်အထည်ဖော်နိုင်ဖို့ ပိုမိုထိရောက်တဲ့ တိုက်တွန်းမှုနဲ့ အရေးယူမှုတွေကို ပြသဖို့၊ စစ်ကောင်စီနဲ့ ပူးပေါင်း အကောင်အထည်ဖော်မယ့် စီးပွားရေးစီမံကန်းတွေအားလုံးကို ယာယီ ရပ်ဆိုင်းထားဖို့၊ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီခေါင်းဆောင်တွေနဲ့ အမြန်ဆုံး ထိတွေ့ဆက်ဆံဆွေးနွေးမှု စတာတွေကို အမြန်ဆုံး အကောင်အထည်ဖော်ခြင်းအားဖြင့် ငြိမ်းချမ်းရေး အကျိုးဆောင်တဲ့ တရုတ်အစိုးရအဖြစ် မြန်မာလူထုရဲ့ နှလုံးသားထဲမှာ မှတ်ကျောက်တင်နိုင်ဖို့ တိုက်တွန်းတယ်”လို့ ကနေဒါရောက်မြန်မာတွေရဲ့ သဘောထားကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီတိုက်တွန်းချက်တွေကို တရုတ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွန်းနဲ့ ယူနန်ပြည်နယ် CPP အတွင်းရေးမှူး ဝမ်နင်တို့ထံ ပေးပို့သွားမယ်လို့ ဦးဌေးအောင်က ပြောပါတယ်။
“အဲဒီသုံးယောက်စလုံးက မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ ထဲထဲဝင်ဝင် ဆောင်ရွက်နေတဲ့ ကိုယ်စားလှယ်တွေ ဖြစ်တဲ့အခါ သူတို့ကမှတဆင့် တရုတ်အစိုးရဆီ၊ တရုတ်ကွန်မြူနစ်ပါတီဆီ သွားနိုင်ဖို့အတွက် ကျနော်တို့ ဒီဟာကို သူတို့ကို ဇောင်းပေးပြီး ရေးထားတာဖြစ်ပါတယ်။”
တရုတ်အစိုးရဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများစွာကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေဆဲဖြစ်သလို တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းဟာလည်း မကြာသေးခင်ကမှ နေပြည်ကိုသွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မြန်မာစစ်အာဏာရှင်ကို အားပေးထောက်ခံနေတဲ့ တရုတ်အစိုးရကို နိုင်ငံတကာရောက်မြန်မာတွေက ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက် တောင်းဆိုတဲ့ ဂလိုဘယ်လ် ကမ်ပိန်းလှုပ်ရှားမှုတွေကို သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။