DVB Logo
Home
မြန်မာသတင်း
မဟာသန္တိသုခ သံဃာတော်များကို ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေး
DVB
·
June 27, 2014
မဟာသန္တိသုခ သံဃာတော်များကို  ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေး
1 / 10
Donate to DVB

ရန်ကုန် တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်ကနေ ဖမ်းဆီးတရားစွဲခံရပြီး  သိန်း (၂၀၀) စီ အာမခံနဲ့ ပြန်လွတ်လာတဲ့   အင်္ဂလန်ဆရာတော် ဦးဥတ္တရအပါအ၀င် ဆရာတော် ၅ ပါးကို ဒီကနေ့  တာမွေမြို့နယ်တရားရုံးမှာ  ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးပါတယ်။

သာသနာညှိုးနွမ်းစေမှု၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေတွေနဲ့ တရားစွဲဆိုခံနေရတဲ့ ဦးဥတ္တရ အပါအ၀င်  သံဃာတော်ငါးပါးကို  ဒီကနေ့မွန်းလွဲပိုင်းက တာမွေတရားရုံးမှာ  ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒီနေ့စစ်ဆေးမှုမှာ ရန်ကုန်တိုင်းသာသနာရေးဦးစီးမှူးကို တရားလိုအဖြစ် ဆက်လက် စစ်ဆေးပြီး မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပေါ်ပေါက်လာပုံနဲ့ တရားစွဲဆိုချိန်ကာလ အထိဖြစ်စဉ်တွေကို တရားလိုရှေ့နေ ( အစိုးရရှေ့နေ ) ဘက်က  ဦးဆောင်စစ်ဆေးကြတာပါ။

ဒီနေ့ စစ်ဆေးထွက်ဆိုချက်တွေနဲ့ ပက်သက်ပြီး သံဃာတွေဘက်က ရှေ့နေ ဦးသိန်းထွန်းက ဒီဗွီဘီကို ခုလိုပြောပြပါတယ်။

“ဆရာတော်တွေကို မစစ်ရသေးဘူး။ တရားလိုဘက်ကပဲ စစ်တာ။ ဒီအမှုကို အပြစ်ရှိတဲ့ အကြောင်းကို တရားလိုဘက်က ဆွဲချက်တင်ပြီး ပြောနေတာပဲ ရှိသေးတယ်။ အန်ကယ်တို့ ဘက်က ပြန်ပြီး ချေပဖို့ အလှည့်မရောက်သေးဘူး။ သူတို့ စွဲဆိုတဲ့ အရာတွေ မှားတယ်၊ မှန်တယ် ပေါ်လာအောင် သူတို့ကို အပြန်အလှန်မေးခွန်းမေးတဲ့ အဆင့်ပဲ။ ဒီနေ့ စစ်တဲ့ ပုဒ်မက သံဃာ့ဥပဒေ ပုဒ်မ အမှတ် ၂၀၊ ၉၉ အဲဒါနဲ့ အရေးယူထားတယ်။ အနည်းဆုံး ဒီအမှုက မကြာဘူးဆိုရင် ၃ လ ၄ လောက်တော့ စစ်ရဦးမှာပါ။”

တာမွေတရားရုံးကို လန်ဒန်ဓမ္မရံသီကျောင်း ဆရာတော် ဦးဥတ္တရ၊  ဦးနန္ဒိယ၊ ဦးပညာသာရ၊ ဦးသုန္ဒရာသီရိ နဲ့ ဦးတေဇိဒ္ဓ တို့ သင်္ကန်းဝတ်နဲ့ပဲ  တရားရုံးတော်ကို လာရောက် တရား ရင်ဆိုင်ခဲ့ကြပါတယ်။

ဆရာတော်ဦးဥတ္တရကတော့ ဒီအမှုဟာ  သာသနာတော်ကြီးတခုလုံးနဲ့ သက်ဆိုင်သလို သံဃာတော် ၅ သိန်းနဲ့လည်း သက်ဆိုင်တာမျိုးဖြစ်လို့ အမှုစစ်တဲ့အခါ ဘက်မလိုက်ပဲ အမှန်ဖြစ်အောင်စစ်ဖို့လိုကြောင်း မိန့်ကြားခဲ့ပါတယ်။

“အမှုက တကယ့်ကို သာသနာနဲ့ သက်ဆိုင်တဲ့ အမှုကြီးဖြစ်နေတယ်။ သာသနာကြီး တခုလုံးနဲ့လည်း သက်ဆိုင်တယ်။ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ သံဃာတော် ၅ သိန်းနဲ့လည်း သက်ဆိုင်နေတဲ့ အမှုကြီးဖြစ်ပါတယ်။ တမျိုးသားလုံးကလည်း စိတ်ဝင်စား နေတယ်ဆိုတာ ဘုန်းကြီးတို့ သိပါတယ်။ ဒါကြောင့် အမှုစစ်တဲ့နေရာမှာ တကယ့်အမှုအမှန်ကို ပေါ်လာအောင် စစ်ဖို့ အရေးကြီးပါတယ်။ သက်သေတွေရော တရားလိုတွေရော တရားခံတွေရော ဘက်မလိုက်ပဲနဲ့  အမှန်တရားတွေပေါ်အောင် စစ်နိုင်ဖို့ဆိုတာ အင်မတန်မှ အခွင့်အရေးက ရခဲပါတယ်။”

ဒီအမှုနဲ့ပတ်သက်ပြီး လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ ရုံုးချိန်းရှိပါတယ်။

အားလုံးနဲ့ ဆိုင်တဲ့အမှုဖြစ်သလို အမှားမခံနိုင်တဲ့အတွက် အမှုစစ်ဆေးတာဟာ နောက်ထပ်လေးလလောက်ထိ ကြာနိုင်ဖွယ်ရှိတယ်လို့ ရှေ့နေ ဦးဇော်သိန်းထွန်းက ခန့်မှန်းပြောဆိုပါတယ်။

တရားရုံးကို ရွှေည၀ါဆရာတော် ဦးပညာဝံသ၊ မကွေးပရိယတ္တိစာသင်တိုက်ဆရာတော် ဦးပါမောက္ခတို့ ကြွရောက်လာကြပြီး၊ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့လည်း လာရောက်အားပေးခဲ့ကြပါတယ်။

တရားရုံးကို တက်ရောက်ခဲ့တဲ့ ဦးမင်းကိုနိုင်က ဒီအမှုနဲ့ပတ်သက်ပြီး ခုလို ပြောကြားသွားပါတယ်။

“ဆုံးဖြတ်ချက်တွေဟာ အနည်းနဲ့အများတော့ မြန်မာ့နိုင်ငံရေးကို ဂယက်ရိုက်မယ်ဆိုတာ ကျနော်ကြိုပြောနိုင်တယ်။ တရားမျှတမှုမရှိခဲ့ဘူးဆိုရင် နောက်ထပ်နောက်ထပ် ပြည်သူလူထုရဲ့ တုံ့ပြန်မှု၊ ဒကာ ဒကာမတွေရဲ့တုံ့ပြန်မှု၊ သံဃာထုတွေရဲ့ တုံ့ပြန်မှုတွေကို မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်။ ဒါကြောင့် တရားအတိုင်းပဲဆုံးဖြတ်တာကို ပြည်သူတွေ လိုလားကြမယ်ဆိုတာ ပြောချင်ပါတယ်။”

ဗြိတိန်နိုင်ငံသား ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော် ၅ ပါးကို ဇွန်လ ၁၁ ရက် မနက် အစောပိုင်းမှာ အာဏာပိုင်တွေက  မဟာသန္တိသုခကျောင်းကနေ အင်အားသုံး ဖမ်းဆီးသွားပြီး အင်းစိန်ထောင်ကို ပို့ဆောင်ကာ  လူဝတ်လဲခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၂၀ ရက်နေ့မှာတော့ တာမွေတရားရုံးမှာ ပထမအကြိမ် ရုံးထုတ်ကာ အာမခံကြေး တပါးကို  ကျပ် သိန်း ၂၀၀ စီနဲ့ ငါးပါးအတွက် အာမခံကြေး သိန်း ၁၀၀၀ ပေးခဲ့လို့ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

[gallery ids="59283,59284,59285,59286,59287,59288,59289,59290,59291,59292"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013