DVB Logo
Home
လူမှုရေး
မြစ်ဆုံရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားသူများ ရိက္ခာဖြတ်ခံရ
DVB
·
June 27, 2014
မြစ်ဆုံရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားသူများ ရိက္ခာဖြတ်ခံရ
Donate to DVB

မြစ်ဆုံ ရေကာတာစီမံကိန်း ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ထဲက ဒေသခံအမျိုးသမီး ၂ ဦးနဲ့ မိသားစုဝင်တွေဟာ လစဉ် အထောက် အပံ့ရရှိနေတဲ့ ဆန်ရိက္ခာ ဖြတ်တောက်ခံခဲ့ရပါတယ်။

[caption id="attachment_15149" align="alignright" width="300"]ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို အဝေးမှ မြင်ရစဉ် ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို အဝေးမှ မြင်ရစဉ် [/caption]မြစ်ကြီးနားမြို့နယ် အောင်မြင်သာစံပြကျေးရွာမှာ နေထိုင်သူ ဒေါ်ဂျာခေါင်န်နဲ့ ဒေါ်လုရာတို့ ၂ ဦးအပြင် သူတို့မိသားစုဝင်တွေကိုပါ တရုတ်စွမ်းအင်ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ ပေးနေတဲ့ လစဉ်ထောက်ပံ့နေကျ ဆန်ရိက္ခာတွေ ဖြတ်တောက်ခံခဲ့ရတာပါ။

ပုံမှန်ဆန်ထုတ်ပေးနေတဲ့ရက် မတိုင်ခင် တရက်အလိုမှာ ဆန်ပေးဝေရေး တာဝန်ခံက ဒီအကြောင်းကို နေအိမ်မှာ လာပြောသွားတာလို့ ဒေါ်ဂျာခေါင်န်က ဒီဗွီဘီကို ပြောပါတယ်။

“ဇွန်လ ၂၄ ရက် ညနေပိုင်းက ကျမတို့ အောင်မြင်သာရွာက စာရေးမ ဒေါ်ရွယ်လုက လာပြောပါတယ်။ ကျမတို့ ဆန်က စီပီအိုင်တွေ ဖြတ်လိုက်ပြီ။ အဲဒါကို အုပ်ချုပ်ရေးဆိုက်နဲ့ တရားဝင်လာပြောရခြင်းဖြစ်ပါတယ်တဲ့။ မနက်ဖြန် ၂၅ ရက်နေ့ ဆိုရင် ဆန်တွေလာထုတ်တဲ့အခါ ကျမတို့က တမျိုးဖြစ်နေမှာစိုးလို့ပေါ့လေ၊ အဲဒါ တရားဝင် လာပြောတာပါတဲ့။”

မြစ်ဆုံစီမံကိန်းကြောင့် အဲဒီဧရိယာကနေ အောင်မြင်သာစံပြကျေးရွာကို ရွှေ့ပြောင်း နေထိုင်ရသူတွေအတွက် တရုတ်လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) က လူတဦးကို ဆန် ၇ ပြည်နဲ့ ၄ ဘူး လစဉ်ထောက်ပံ့နေတာ ဖြစ်ပါတယ်။

သူတို့ ၂ ဦးအပြင် မိသားစုဝင်တွေဖြစ်တဲ့ ခင်ပွန်း၊ သားသမီး၊ သမက်၊ ချွေးမနဲ့ မြစ်တွေပါ စုစုပေါင်း လူ ၂၀ ကျော် အထောက်အပံ့ ရပ်ဆိုင်းခံရတယ်လို့ ဒေါ်ဂျာခေါင်န်က ဆိုပါတယ်။

ဆန်ဖြတ်တောက်ရတဲ့အကြောင်းကို စီပီအိုင်ဝန်ထမ်းတွေက အတိအကျ မပြောခဲ့ပေမယ့် လည်း သူတို့ ၂ ဦးဟာ အောင်မြင်သာရွာက ရေကာတာဆန့်ကျင်ရေး လှုပ်ရှားမှုမှာ တက်ကြွ လှုပ်ရှားစွာ ဦးဆောင်ခဲ့သလို ပြီးခဲ့တဲ့ ဇွန်လထုတ် မြစ်ကြီးနားဂျာနယ်ပါ သတင်းတပုဒ်မှာ သူက စီပီအိုင်ထောက်ပံ့မှုတွေကို ဝေဖန်ခဲ့တာနဲ့လည်း ပတ်သက်တယ်လို့ ယူဆကြောင်း သူက ဆက်ပြောပါတယ်။

အောင်မြင်သာရွာသစ်မှာ နဂိုက အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေး ကျပ်တည်းနေတဲ့အထဲ ခုလိုဆန်ဖြတ်ခံရတဲ့အပေါ် စိတ်ပျက်မိပေမယ့် ဘုရားသခင်ပေးထားတဲ့ မိမိမွေးရပ်မြေကိုတော့ ဆက်လက်ကာကွယ်ထိန်းသိမ်းသွားမယ်လို့ ဒေါ်ဂျာခေါင်န်က ပြောပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် မလိယန်၊ တန်ဖဲ နဲ့ မြစ်ဆုံစတဲ့ ရွာသုံးရွာက မိသားစုဝင်ပေါင်း ၃၀၀ ကျော်ဟာ လွန်ခဲ့တဲ့ ၂၀၀၉ နှစ်လောက် ကစပြီး အောင်မြင်သာ စံပြကျေးရွာကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ် CPI ကုမ္ပဏီ၊ အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ အေးရှားဝေါလ် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း လုပ်ဆောင်ဖို့ စီစဉ်ထားခဲ့တဲ့ မြစ်ဆုံဆည်စီမံကိန်းကို မြန်မာနိုင်ငံတ၀န်းက လူထုလူတန်းစားအဖွဲ့အစည်း ပေါင်းစုံက အပြင်းအထန် ကန့်ကွက်ခဲ့တဲ့အတွက် သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ သမ္မတ သက်တမ်းမှာ ဒီစီမံကိန်း ဆက်မလုပ်ဘဲ ရပ်ဆိုင်းထားဖို့ ၂၀၁၁ စက်တင်ဘာလမှာ ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013