DVB Logo
Home
မြန်မာသတင်း
ရန်ကုန် သပိတ်တိုက်ပွဲများတွင် ပါဝင်လိုသူများကို ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ ဖိတ်ခေါ်နေ
DVB
·
May 10, 2023
ရန်ကုန် သပိတ်တိုက်ပွဲများတွင် ပါဝင်လိုသူများကို ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ ဖိတ်ခေါ်နေ
Donate to DVB

ရန်ကုန်အခြေစိုက် ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တိုက်ပွဲတွေမှာ ပါဝင်လိုသူတွေကို ဖိတ်ခေါ်နေပါတယ်။

မေ ၁၀ ရက် ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ လိုအပ်ချက်တွေအနေနဲ့ နွေဦးတော်လှန်ရေးနဲ့ အဖွဲ့အစည်းအပေါ် သစ္စာရှိနိုင်သူ၊ ရန်ကုန်မြို့တွင်း နှံ့စပ်စွာသွားလာနိုင်သူ၊ တပတ်ကို ၃ ရက် အချိန်ပေးနိုင်သူ၊ ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို တိကျစွာ လိုက်နာနိုင်သူတွေ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

ဆက်သွယ်လိုသူတွေအနေနဲ့ တယ်လီဂရမ်လင့်ခ် @OCTOPUSoffice ကတဆင့် ဆက်သွယ်နိုင်ပြီး နှစ်ဦးနှစ်ဖက် လုံခြုံရေးဆိုင်ရာ ဦးစားပေးပြီးတော့ အချိန်ယူကာ အွန်လိုင်းကနေ အဆင့်ဆင့် စိစစ်ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းဟာ လာမယ့် ၂၀၂၃ ဇန်နဝါရီ ၂၈ ရက်မှာ ၂ နှစ်တိုင် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်းမှာ ရေဘဝဲအဖွဲ့ဝင် ရဲဘော်ပေါင်း ၁၅ ယောက်လောက် စစ်ကောင်စီရဲ့ ဖမ်းဆီး ထောင်ချမှုခံထားရပြီး အဲဒီထဲမှာ အမျိုးသား၊ အမျိုးသမီး အပါအဝင် လိင်စိတ် ခံယူမှုကွဲပြားသူ LGBTIQ တွေအပါအဝင် ဖြစ်တယ်လို့ ရေဘဝဲအဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ရန်ကုန်မြို့၊ အင်းစိန်ထောင်ကနေ တိတ်တဆိတ် ထောင်ပြောင်းရွှေ့ခံထားရတဲ့ အကျဉ်းသား ၇၀၀ လောက်ထဲမှာ ရေဘဝဲအဖွဲ့က နိုင်ငံရေး အကျဉ်းသားလူငယ် ၃ ယောက် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အဲဒီလို အခက်အခဲတွေကြားကနေ ပြည်သူလူထုရဲ့ ပါဝင်ကူညီမှုနဲ့ ရန်ကုန် ပြောက်ကျားသပိတ်ပေါင်း ၇၀ ကျော် ဆင်နွှဲနိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာ့နိုင်ငံရေးဗဟိုချက်ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးက ပြောက်ကျားသပိတ်တွေကို နည်းမျိုးစုံသုံးပြီး နှိမ်နင်းဖြိုခွဲနေပေမဲ့ ပြောက်ကျားတပ်ဖွဲ့တွေဘက်ကလည်း နှိမ်နင်းနေတဲ့ကြားထဲက ဆန္ဒပြမှုတွေ ပြုလုပ်နေကြတာ လည်း ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၇၆၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၈၁၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၂ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချ မှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၂၂၄ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013