DVB Logo
Home
မြန်မာသတင်း
မုံရွာ လဝကရုံးဟောင်း၊ ပုလဲ စစ်ဆေးရေးဂိတ်နှင့် ရွှေဘိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
May 9, 2023
မုံရွာ လဝကရုံးဟောင်း၊ ပုလဲ စစ်ဆေးရေးဂိတ်နှင့် ရွှေဘိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေကို Black Wolf Army နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

မေ ၈ ရက် မွန်းတည့် ၁၂ နာရီလောက်က စစ်ကောင်စီ ခမရ ၁၂ တပ်ရင်းမှ ဆိုင်ကယ် ၁၅ စီး အင်အား ၂၀ လောက်နဲ့ ကင်းပုန်းဝပ်ဖို့ လာရောင်စဥ် ကျောက်မြောင်းမြို့၊ တည်ပင်ရွာဇရပ်အနီး ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတနေရာမှာ တိုက်မိုင်း ၃ လုံးနဲ့စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး အကျဆုံးများနိုင်တယ်လို့ Black Wolf Army က ပြောပါတယ်။

"တိုက်ခိုက်မှုအားလုံး ၃ ကြိမ်ပါ။ ၃ ကြိမ်လုံးကို ပြည်သူလူထုမထိခိုက်စေဖို့အတွက် လူခွဲပြီးလုပ်ဆောင်ခဲ့ရတာပါ။ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီထောက်တိုင်နေရာတွေကို မသွားကြဖို့ ပြောချင်ပါတယ်။ နောက်ပြီး လက်ရှိ ကျနော်တို့တပ်ဖွဲ့က ပြုလုပ်ထားတဲ့ နွေပူအညာက ဝံပုလွေစနိုက်ဘာ ကမ်ပိန်းကိုလည်း ပါဝင်အားဖြည့်ပေးကြပါဦးခင်ဗျာ" လို့ BLACK WOLF ARMY တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအပြီး ညနေ ၃ နာရီ ၁၅ မိနစ်လောက်မှာလည်း ကျောက်မြောင်းမြို့ ခမရ ၁၂ က ခေါင်းအစိမ်းရောင် ၁၂ ဘီးကား ၂ စီးကို တိုက်မိုင်း ၅ လုံးနဲ့ထပ်မံတိုက်ခိုက်ခဲ့ပြီး ၁၂ ဘီးကားနှစ်စီးလုံး ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မေ ၈ ရက် မွန်းတည့် ၁၂ နာရီခွဲလောက်ကလည်း ရွှေဘိုမြို့ကနေ ထွက်လာတဲ့ အင်အား ၄၀ လောက်ပါ စစ်ကောင်စီစစ်ကြောင်းကို ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတနေရာမှာ စောင့်ကြိုတိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲအချိန်အနည်းငယ်ကြာဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို BLACK WOLF - ARMY၊တိုက်နယ် ပကဖ ၄ နဲ့ WHO AM I ARMY တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မေ ၃ ရက်နေ့ကလည်း ရွှေဘိုမြို့တက္ကသိုလ်အနီးက စစ်ကောင်စီတပ်ကို BLACK WOLF ARMY နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အမြင့်လမ်းထိပ်က စစ်ကောင်စီတပ်စွဲထားတဲ့ လဝကရုံးအဟောင်းကို မေ ၈ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ Golden Eagle Force-Monywa တပ်ဖွဲ့နဲ့ ပူးပေါင်းကာကွယ်ရေးတပ်တွေက ​ရှောင်တခင် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

မုံရွာ အမြင့်လမ်းထိပ်က လဝကစစ်တပ်ဂိတ်ဆိုရင် နာမည်ကြီးနေတာမို့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က တပ်သားတဦး နေရာတင် သေဆုံးသွားခဲ့တယ်လို့ Golden Eagle Force-Monywa ပြောရေးဆိုခွင့်ရှိ ဗိုလ်လင်းယုန်က ဒီဗွီဘီကို ပြောပါတယ်။

“အဲ့ဂိတ်မှာက စစ်တပ် အဓိကထိုင်တာပါ။ မုံရွာမှာ လဝကဂိတ်ဆိုတာ မုဒိမ်းဂိတ်ဆိုပြီး နာမည်အရမ်းကြီးတယ်။ အခု စစ်ကောင်စီတပ်သားတွေကတော့ မနက်ပိုင်းမှာ ငွေကောက်တာပဲရှိတယ်။ တနေကုန် မကောက်ဘူးဗျ။ အရင်ကောင်တွေတုန်းကဆိုရင် မုဒိမ်းကျင့်တယ်၊ ငွေကောက်တယ်၊ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစားတွေကြီး စုနေတာ၊ အဲ့ဒါကြောင့် သွားတိုက်ခဲ့တာ။ တယောက်ကတော့ ဘယ်ရင်အုံတချက်၊ ညာဘက်ပေါင်တချက် ထိမှန်ပြီး နေရာတင် ပွဲချင်းပြီးသွားတယ်။ နောက်တယောက်ကတော့ ညာလက်မောင်းထိမှန်လို့ ဆေးကုနေရတယ်လို့ သတင်းကြားရတယ်။”

အဆိုပါ တိုက်ခိုက်မှုကို Golden Eagle Force-Monywa နဲ့အတူ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ Brothers Revolution Force-Monywa တို့က ​အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မုံရွာတမြို့လုံးနီးပါးက စစ်ကောင်စီတပ်ဖွဲ့ဝင်ဂိတ်တွေ တိုက်ခိုက်ခံနေရပြီး ပြီးခဲ့တဲ့ မေ ၃ ရက်ကလည်း စစ်ကောင်စီတပ်စွဲထားတဲ့ မုံရွာမြို့ပေါ်က မြဝတီဘဏ်ခွဲကို ​Golden Eagle Force-Monywa က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့မှာရှိတဲ့ စစ်ကောင်စီ မြို့စောင့်စစ်ဆေးရေးဂိတ်ကို မေ ၈ ရက် မနက်က ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ဆေးရေးဂိတ်ဟာ ပုလဲ-ကျားတက်-မုံရွာသွား လမ်းဘေး ပုလဲမြို့အရှေ့ဘက်က မြို့ဝင်မြို့ထွက်ဂိတ် ဖြစ်ပါတယ်။

ပုလဲမြို့နယ် သခင်ဒေါင်းညိုအဖွဲ့ ခေါင်းဆောင်က “တိုက်ပွဲကတော့ ကျည်တကမ်း ထိပ်တိုက်ဖြစ်တဲ့ တိုက်ပွဲပါဗျ။ ကျနော်တို့ဘက်က ကြိုတင်ပြင်ဆင်ပြီး လက်ဦးမှုရယူပြီး အလစ်ဝင်တိုက်ခဲ့တာဆိုတော့ အထိအခိုက်ကတော့ မရှိခဲ့ဘူး။ ကိုယ့်ဘက်က လူအင်အားလည်း အသာစီးနဲ့ဆိုတော့ လုပ်ရကိုင်ရတာ အဆင်အတော်လေးပြေခဲ့တယ်။ အထိအခိုက်ကတော့ မရှိခဲ့ဘူး။ (--)တွေဘက်ကတော့ အထိနာလောက်တယ်ဗျ။ (--)အသေစာရင်းကတော့ အတိအကျဖြစ်ဖို့ စုံစမ်းနေဆဲပဲ” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို သခင်ဒေါင်းညိုအဖွဲ့က ဦးဆောင်ပြီး ဟိန္နကအဖွဲ့၊ မုဆိုးလေးအဖွဲ့နဲ့ ယင်းမာပင်ခရိုင် တပ်ရင်းတခု ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013