DVB Logo
Home
မြန်မာသတင်း
မိုင်းပေါက် ဆံပင်ညှပ်ဆိုင်တွင် ရောင်းစားခံရသည့် အမျိုးသမီးတဦး ထွက်ပြေးလွတ်မြောက်လာ
DVB
·
May 9, 2023
မိုင်းပေါက် ဆံပင်ညှပ်ဆိုင်တွင် ရောင်းစားခံရသည့် အမျိုးသမီးတဦး ထွက်ပြေးလွတ်မြောက်လာ
Donate to DVB

"ဝ"ဒေသ၊ မိုင်းပေါက်မြို့ရှိ Sinဆံ ပင်ညှပ်ဆိုင်မှာ ရောင်းစားခံရတဲ့ အမျိုးသမီးတဦး အုတ်တံတိုင်းကို ကျော်ခွပြီး ထွက်‌ပြေးလွတ်မြောက်လာတယ်လို့ သိရပါတယ်။ 

ပွဲစားဖြစ်သူ အစ်မဝမ်းကွဲရဲ့ အဆက်အသွယ်နဲ့ တလသိန်း ၇၀ ဝင်ငွေရတယ်ဆိုတာကြောင့် အလုပ်ကို လုပ်ကိုင်နိုင်ဖို့ မိုင်းပေါက်မြို့ကို ရောက်လာပြီးမှ ရောင်းစားခံရ‌တာကို  သိရပြီး ၅ ရက်အကြာမှာ ထွက်ပြေးလွတ်မြောက်လာတာလို့ ပဲခူးမြို့နေ ရောင်းစားခံရသူ မအေးဝင်း(အမည်လွှဲ) က ပြောပါတယ်။

မအေးဝင်းဟာ လစာ ၁ သိန်း ၂ သောင်းရတဲ့ ရန်ကုန်မြို့က ဆံပင်ညှပ်ဆိုင်မှာ လုပ်ကိုင်ခဲ့ပြီး လစာငွေ နည်းတာကြောင့် ပွဲစားဖြစ်သူ အစ်မဝမ်းကွဲကတဆင့် ဝင်ငွေကောင်းတဲ့ မိုင်းပေါက်မြို့မှာ လာရောက်လုပ်ကိုင်တာလို့ ဆိုပါတယ်။

မအေးဝင်းဆီက တရုတ်ယွမ်ငွေ ၃၀၀၀ နဲ့ အလုပ်ရှင်ဆီက ၂၀၀၀ စုစုပေါင်း တရုတ်ယွမ်ငွေ ၅၀၀၀ ကို ပွဲစားကရရှိပြီး ရန်ကုန်ကနေ မိုင်းပေါက်ထိ ကားခကိုလည်း တရုတ်ယွမ်ငွေ ၁၀၀၀ ပေးရတယ်လို့ ပြောပါတယ်။

ရောင်းစားခံရပြီး ပထမရက်နဲ့ ဒုတိယရက်ကိုတေ့ာ ဆံပင်ညှပ်ဆိုင်မှာ ဝင်လုပ်ခဲ့ရပြီးနောက် ပြည့်တန်ဆာလုပ်ဖို့ အတင်းစေခိုင်းခံရကြောင်း၊ မလုပ်နိုင်‌ရင် မြန်မာငွေ ၂၅ သိန်းအလျော်ပေးဖို့ ပြောလာတာကြောင့် ပို့‌တဲ့နေရာကို လိုက်သွားခဲ့ရတယ်လို့ မအေးဝင်းက ပြောပါတယ်။

အခန်းထဲမှာ ၃ ရက်လောက် နေခဲ့ရပြီး ဘာအလုပ်မှ မလုပ်ခဲ့ရဘဲ ထွက်ပြေးချိန်မှာ‌တေ့ာ ဖိနပ်မပါဘဲ ဖုန်းတလုံးနဲ့ တရုတ်ယွမ်ငွေ ၁ ထောင်ကိုသာ ယူဆောင်ခဲ့ရပြီး အဝတ်အိတ်နဲ့ ပါလာသမျှ ပစ္စည်းတွေကို ချန်ခဲ့ရတယ်လို့ ဆိုပါတယ်။

Sin ဆံပင်ညှပ်ဆိုင်ဟာ အမည်ခံသာဖြစ်ပြီး နောက်ကွယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို အဓိကလုပ်ကိုင်နေပြီး သူဌေးက တရုတ်လူမျိုး ဖြစ်ပါတယ်။

ပြည့်တန်ဆာနဲ့ ကျားဖြန့်အလုပ်မှန်းသိပြီး ရောက်လာကြတဲ့သူတွေရှိသလို အချို့က ပွဲစား‌တွေ လိမ်လည်ရောင်းစားတာကြောင့် ဘာအလုပ်မှန်း သေချာမသိဘဲ ရောက်လာကြတာ ဖြစ်ပါတယ်။

ဧပြီလ မတိုင်ခင်ကလည်း ကြိုးဆွဲချ အဆုံးစီရင်တဲ့သူ ရှိခဲ့ပြီး အချို့က ထွက်ဖို့ လျော်ကြေးငွေ မပေးနိုင်ဘဲ သူဌေးဆီက ငွေပြန်ချေးယူတာကြောင့် မလွတ်မြောက်နိုင်‌တေ့ာဘဲ ဆက်လုပ်‌နေကြရတာ ဖြစ်ပါတယ်။

အလုပ်ချိန်က မနက် ၂ နာရီကနေ ၅ နာရီအထိဖြစ်ပြီး နာရီဝက်ကို သူဌေးနဲ့အတူ မြန်မာငွေ တယောက် ၁ သိန်းစီနဲ့ မနက် ၂ နာရီက‌နေ ၅ နာရီထိ ဧည့်ခံနိုင်သူက သူဌေးနဲ့အတူ မြန်မာငွေ ၄ သိန်းကျပ်စီ ရပါတယ်။

မြန်မာအမျိုးသမီးတွေအပြင် တရုတ်နဲ့ ဗီယက်နမ်သူတွေလည်း ရှိနေပြီး အဲဒီအဆောက်အဦရှိတဲ့ လမ်း‌ဟာ လူတွေနဲ့ အမြဲစည်ကားနေပါတယ်။

မိုင်းပေါက်မြို့ကို အလုပ်လာလုပ်ချင်တဲ့ သူတွေကို ရောင်းစားခံရတဲ့ အခြေအနေက‌နေ ထွက်ပြေးလွတ်မြောက်လာတဲ့ မအေးဝင်းက "သေချာမေးမြန်းစုံစမ်းပြီးမှ သွားစေချင်တယ်။ ညီအစ်ကိုမောင်နှမတွေကိုလည်း မယုံရဘူး။ အစ်မဝမ်းကွဲက ဒီမှာပိုက်ဆံပိုရတယ်ပြောပြီး ခေါ်တာ။ ဆံပင်ညှပ်ဆိုင်မှာပဲ လုပ်ရမယ် ထင်နေတာ။ သေချာစုံစမ်းပြီးမှ သွားကြပါ"လို့ ပြောပါတယ်။

"ဝ"ဒေသ၊ မိုင်းပေါက်မြို့မှာ ကုန်ဈေးနှုန်း‌တွေ အရမ်းကိုမြင့်မားပြီး  ကျားဖြန့်ကုမ္ပဏီတွေ များစွာရှိသလို လူကုန်ကူးမှု အများဆုံးရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013