DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် တရက်တည်း ကိုဗစ်ကူးစက်ခံရသူ ၁၂ ဦးတွေ့၊ ဇဝဲ-တကူကားလမ်းအား ဖြတ်သန်းခွင့်ယာယီပိတ်
DVB
·
May 8, 2023
တနင်္သာရီတိုင်းတွင် တရက်တည်း ကိုဗစ်ကူးစက်ခံရသူ ၁၂ ဦးတွေ့၊ ဇဝဲ-တကူကားလမ်းအား ဖြတ်သန်းခွင့်ယာယီပိတ်
Donate to DVB

တနင်္သာရီတိုင်းမှာ မေ ၆ ရက်နေ့ တရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂ ဦးတွေ့ရှိတယ်လို့ စစ်ကောင်စီတိုင်းကျန်းမာရေးဦးစီးဌာနက မေ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

တနင်္သာရီတိုင်း၊ မြို့နယ် ၁ဝ ခုက စစ်ဆေးသူ ၂၃၁ ဦးမှာ ထားဝယ်မြို့နယ်က ၆ ဦးနဲ့ မြိတ်မြို့နယ်က ၆ ဦး စုစုပေါင်း ၁၂ ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“မေလ ၆ ရက်နေ့တုန်းက ၃ ယောက်ကတော့ ကူညီသယ်ဆောင်ပေးဖို့ အကူအညီတောင်းတယ်။ ၇ ရက်နေ့အတွက် ၆ ယောက်ကတော့ အကူအညီတောင်းလာတာမျိုးမရှိသေးဘူး။ ကိုဗစ်လက္ခဏာပြပြီး ဖျားနေတဲ့လူနာတော့ သိပ်မရှိဘူး။ စစ်လိုက်ရင် ကိုဗစ်တွေ့နေတာတော့ ရှိတာပေါ့” လို့ ထားဝယ်မြို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတခုရဲ့တာဝန်ရှိသူက ပြောပါတယ်။

မြိတ်မြို့ကတော့ ခရီးသွားမယ့် လင်မယားမှာ ကိုဗစ်စစ်ဆေးတွေ့ရှိခဲ့ပြီး ထိတွေ့ဆက်စပ်သူ ကလေးတဦးအပါဝင် နောက်ထပ်လေးဦးကို ထပ်စစ်ဆေးရာ ကိုဗစ်အတည်ပြုလက္ခဏာ တွေ့ရှိရတာလို့ မြိတ်မြို့ခံပရဟိတအသင်းတွေဆီကသိရပါတယ်။

တနင်္သာရီတိုင်းမှာ သင်္ကြန်ကာလအပြီး ဧပြီ ၁၉ ရက်ကနေ မေ ၆ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၄၆ ဦး စစ်ဆေးတွေ့ရှိရပြီး ဆေးရုံဆင်းခွင့်ရသူ ၁၆ ဦး ရှိပြီလို့ စစ်ကောင်စီတိုင်းကျန်းမာရေးဦးစီးဌာနရဲ့အချက်အလက်အရသိရပါတယ်။

ကိုဗစ်ကူးစက်မှုပြန်ဖြစ်လာပြီးနောက် အခြားတိုင်းနဲ့ပြည်နယ်တွေမှာ သေဆုံးမှုတွေရှိနေပြီး တနင်္သာရီတိုင်းမှာတော့ ကိုဗစ်အတည်ပြုလက္ခဏာနဲ့ သေဆုံးသူ မရှိသေးဘူးလို့ သိရပါတယ်။

တနင်္သာရီတိုင်း မြိတ်ခရိုင် မြိတ်မြို့နဲ့ တနင်္သာရီမြို့ကို ဆက်သွယ်ထားတဲ့ ဇဝဲ-တကူ ကားလမ်းကို ဧပြီ ၇ ရက်က စပြီး တပတ်ကြာ ဖြတ်သန်းခွင့် ပိတ်လိုက်တယ်လို့  ဒေသခံတွေက ပြောပါတယ်။

အဲဒီလမ်းမှာ စစ်ကောင်စီက ဂိတ်စခန်းချကာ ခရီးသွားတွေဆီက‌ ပိုက်ဆံတောင်းပြီး ပြန်လည်ခွဲယူ ရာမှာ အဝေမတည့်ဘဲ အချင်းချင်း ပြဿနာတက်တာကြောင့် အခုလို ပိတ်လိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ထားပေမဲ့ အမှန်တကယ် ပိတ်တဲ့အကြောင်းကိုတော့ စုံစမ်းနိုင်ခြင်း မရှိပါဘူး။

အာဏာသိမ်းချိန်တည်းက ဇဝဲဂိတ်မှာ စခန်းချပြီး ဒီနေ့အထိ ခရီးသွားတွေဆီက ငွေကြေး အတင်းတောင်းတာ‌အပြင် ဖမ်းဆီးရိုက်နှက်တာ‌တွေ ခြိမ်းခြောက်တာ‌တွေကိုလည်း လုပ်ဆောင် နေတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတဦးက "သူတို့က မျက်နှာသိတွေကိုဆို ပိုက်ဆံမ‌တောင်းဘူး။ သူတို့ မသိတဲ့ သူတွေဆိုရင် ပိုက်ဆံတောင်းရမ်းကြမ်းတယ်။ ဆိုင်ကယ်တွေလည်း သိမ်းတယ်။ သွားတောင်း‌ရင် ပြန်ရိုက် လွှတ်တာတွေလည်း ရှိတယ်။ ကားသမားတွေဆိုလည်း အမြဲတမ်း ပိုက်ဆံ‌ပေးရတယ်။ မပေးရင်ပြဿနာရှာတယ်" လို့ ပြောပါတယ်။

၂၀၁၉ နှစ်လယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် တနင်္သာရီမြစ်ရေကြီးပြီး တောင်ပြိုကျတာတွေ ဖြစ်ပွားခဲ့ရာ တကူ-ဇဝဲကားလမ်းပေါ်ရှိ ကိုးမိုင်တောင်မှာ မြေပြိုကျကာ လမ်းပြတ်ထွက်သွားပြီး မြိတ်မှ တညက်ကျေးရွာကိုသွားတဲ့ တောင်ရှည်တံတားမှာလည်း ရေစီးအားကြောင့် ပြတ်ထွက်သွားခဲ့ဖူးပါတယ်။ 

ဒါအပြင် တနင်္သာရီမြို့နယ်၊ တုံးဗျောကြီးရွာမှာရှိတဲ့ စစ်ကောင်စီဂိတ်မှာလည်း ခရီးသွားတွေနဲ့ ကုန်ကားတွေဆီကနေ ငွေကြေးအတင်းတောင်းရမ်းတာမျိုးတွေ ရှိတယ်လို့ ခရီးသွားတဦးက ပြောပါတယ်။

မတ်လ မကုန်ခင်အချိန်ကလည်း တနင်္သာရီမြို့နယ် ကမ္ပလိုင်းဂိတ်မှာ ဒေသခံလူငယ် ၄ ‌ယောက်ကို စစ်ကောင်စီရဲ့ ဂိတ်တပ်သားတွေကနေ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013