DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်သူများ၏ဘ၀ ဖွံ့ဖြိုးအောင်လုပ်မည်ဟု ဗိုလ်ချုပ်မောင်မောင်အုန်းပြော
DVB
·
June 26, 2014
ရခိုင်ပြည်သူများ၏ဘ၀ ဖွံ့ဖြိုးအောင်လုပ်မည်ဟု ဗိုလ်ချုပ်မောင်မောင်အုန်းပြော
Donate to DVB

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်ဖို့ အဆိုပြုထားတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းက နိမ့်ကျနေတဲ့ ရခိုင်ပြည်သူတွေရဲ့ ဘ၀ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရင်းနဲ့ တဖက်ကလည်း မတည်မငြိမ်ဖြစ်နေတဲ့ ပြည်တွင်းရေးပြဿ နာကိုလည်း ဟန်ချက်ညီအောင် ထိန်းညှိသွားမယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

[caption id="attachment_59206" align="alignright" width="300"]ဓာတ်ပုံ - Nyo Ohn Myint ဓာတ်ပုံ - Nyo Ohn Myint[/caption]ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယား အပါအ၀င် အစိုးရဘက်က အဆင့်မြင့်အရာရှိတွေ၊ ရခိုင်နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံ ရခိုင်အရပ်ဘက်အဖွဲ့စည်းတွေ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးမှုမှာ ရခိုင်အရေးနဲ့ပတ်သက်လို့ အစိုးရဘက်က လုပ်ဆောင်သွားမယ့် အစီအစဉ် နဲ့ စပ်လျဉ်းပြီး ပြောဆိုဆွေးနွေးခဲ့တယ်လို့ ရခိုင်အမျိုးသား ကွန်ရက်ဥက္ကဋ္ဌဦးတင်ထူးအောင်က အခုလိုပြောပါတယ်။

“action plan ကိုပါ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောတယ်။ ဒါက ထူးခြားတဲ့ အချက်။ အဲဒီတော့ ဒီ action plan တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်၊ မဖော်နိုင် အကောင်အထည် ဖော်ဖို့၊ မဖော်ဖို့က စောင့်ကြည့်သွားရမယ့်တာဝန်၊ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အရာတွေကို ပူးပေါင်း ဆောင်ရွက်သွားမယ့်တာဝန်ကတော့ ကျနော်တို့ တာဝန်ပေါ့နော်။”

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာထားခံရတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဦးစွာလုပ်ဆောင်သွားမယ့် အစီအစဉ်ကို မေးမြန်းခဲ့ရာမှာ သူက ဒီဗွီဘီကို အခုလိုပြောဆိုခဲ့ပါတယ်။

“နိမ့်ကျနေတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ အနေအထားကို စပြီးတော့ ဖွံ့ဖြိုးအောင် လုပ်ချင်တယ်။ ဒါကို လုပ်နေရင်းနဲ့ တဖက်ကလည်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို လျော့ပါးအောင် လုပ်ရမှာပေါ့။ ကိုယ်တိုင်းရင်းသားတွေက တဖက်အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့မှ ရင်ထဲမှာ ခံစားမှုရှိတဲ့အထဲ ဆင်းရဲနိမ့်ကျမှုလည်း ရှိနေတယ်။ ဒီတော့ ကိုယ့်အနေနဲ့ ဖြည့်ဆည်းပေးနိုင်တာ ဘာလဲ။ ရင်ထဲက ခံစားမှုကတော့ ဖြေရှင်းဖို့ ခက်ပါတယ်၊ ဒါက နိုင်ငံတော်အဆင့်ဖြစ်နေတယ်။ အားလုံး ပူးပေါင်း ပါဝင်ရမှာ။ ကိုယ်လုပ်ပေးနိုင်တာ ဘာလဲ။ စားဝတ်နေရေးကိုး မြှင့်တင်ရမယ်။ ဒါကြောင့် ရောက်တာနဲ့ တိုင်းရင်းသားတွေအားလုံးကို သူ့အဆင့်လိုက် မြှင့်တင်မှုကို စလုပ်မယ်။ ထဲထဲဝင်ဝင် လုပ်မယ်၊ ပြီးတော့မှ တဖက်က ပဋိပက္ခကို ဟန်ချက်ညီညီထိန်းသွားမယ်။”

နိုင်ငံတော်သမ္မတကလည်း ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်ငွေ ၁၅ ဘီလီယံကို ဘတ်ဂျက် အနေနဲ့ ချပေးထားပြီးဖြစ်တဲ့အပြင် ထပ်မံလိုအပ်တာတွေကိုလည်း ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပြီး လက်ရှိ ရခိုင်ပြည်နယ်အရေး ပြဿ နာက နိုင်ငံတော်အတွက် အရေးကြီးဆုံးအဆင့်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီ့ပြင် တဖက်မှာလည်း သူ့ကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်မှာကို လက်မခံဘဲ ကန့်ကွက်ပြောဆိုမှုတွေ ရှိနေတဲ့ပေါ်မှာလည်း ဗိုလ်ချုပ်မောင်မောင်အုန်းက အခုလို တုံ့ပြန်ပြောကြားခဲ့ပါတယ်။

“ဒီနေ့ ကိုယ့်ကို ကန့်ကွက်နေကြတယ်။ တချို့လည်း ခံစားမှုတွေ ရှိပါတယ်။ ကိုယ်နားလည်ပါတယ်။ ဘယ်သူ့မှ ကိုယ် အပြစ်မမြင်ဘူး။ သို့သော် ကိုယ်ကတော့ နိုင်ငံဝန်ထမ်းအနေနဲ့ အားလုံးပေါ်မှာ ကိုယ့်ရဲ့ညီအစ်ကို မောင်နှမ ကိုယ့်ထက်ကြီးရင်လည်း အဖေအမေ အကိုလို သဘောထားပြီး ကိုယ်ကတော့ တက်နိုင်သလောက်လုပ်သွားမှာပဲ။ တနေ့ကျရင် စေတနာမှန်တဲ့ ကံတရားက ကိုယ့်ကို ပြန်အကျိုးပေးမှာပါ။ ကိုယ်ကတော့ အတက်နိုင်ဆုံး အခု ဒါက စပြီးအစည်းအဝေး စလုပ်ပြီ။ တောက်လျှောက် ရခိုင်ပြည်အတွက် တကယ့်ကို ဖိဖိစီးစီး လုပ်သွားမှာ ဖြစ်ပါတယ်။”

ရခိုင်အရေးပြဿ နာနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ မနက်ဖြန် ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013