DVB Logo
Home
Lead Story
ရွက်ဝါ
DVB
·
May 6, 2023
ရွက်ဝါ
Donate to DVB

(၁)

၁၉၈၅ ခုနှစ်​လောက်က ဖြစ်သည်။ ကျ​နော့်မှာ ချစ်ခင်သနားဖွယ် မိတ်​ဆွေကဗျာဆရာတဦး ရှိခဲ့ဖူးသည်။ သူ့က​လောင်အမည်က “ရွက်ဝါ” ဟု ကျ​နော်မှတ်မိ​နေ၏။

ထိုစဥ်က ကျ​နော်က ဖြူးမြို့အနီး ညောင်ပင်သာရွာ လယ်ယာစိုက်ပျိုး​ရေးသမဝါယမအသင်းက ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထမူလတန်း​ကျောင်းတွင် ကျောင်းဆရာ ဝင်လုပ်​နေစဥ်က ဖြစ်သည်။ ကျ​နော်၏မိတ်​ဆွေ ကဗျာဆရာ “ရွက်ဝါ” က ကျ​နော် ​နေထိုင်ရာနေရာနှင့် နာရီဝက်ခန့် လမ်း​လျှောက်သွားလျှင် ​ရောက်သည့် စစ်တပ် ခမရ ၁၂၉ (အတိအကျ​တော့ မမှတ်မိပါ) တွင်​ နေထိုင်သည့် စစ်သားကဗျာဆရာ ဖြစ်၏။

ထိုစဥ်က ကျ​နော်တို့နယ်တွင် ကဗျာဆရာ ရှား၏။ ထို့​ကြောင့် ယုံကြည်ချက်ချင်း မတူသည့်တိုင် ကဗျာချစ်သူဖြစ်သည်ဟူ​သော အသိစိတ်နှင့်ပင် ကဗျာ​ရေးသူ မည်သူ့ကိုမဆို ခင်မင်ခဲ့၏။ ထို့ပြင် ကဗျာဆရာ ရွက်ဝါက ရိုးသားဖြူစင်၏။ သူ့မှာ ကဗျာကိုချစ်သည်မှလွဲ၍ တခြား ဘာမျှမသိ။ ဘာကိုမှလည်း ထိထိ​ရောက်​ရောက် မ​လေ့လာ။ ကဗျာ​ရေး​နေရလျှင် ​ကျေနပ်ပြီး သူ​ရေးသမျှကဗျာကို တပါးသူအား ပေးဖတ်​နေရလျှင် ပျော်ရွှင်​နေသူသာဖြစ်၏။ ကျ​နော်နှင့် အသိမိတ်​ဆွေ စတင်ဖြစ်စဥ်က သူသည် ငွေတာရီ၊ မြဝတီ၊ စစ်ပြန်၊ သ​ပြေ မဂ္ဂဇင်းများတွင် အဖွင့်ကဗျာများ လစဥ်ရေးသား​နေသူဖြစ်၏။ သူ​ပြောပြလို့ သိရသည်မှာ ကဗျာစုစု​ပေါင်း ၂၀၀ မျှ ယင်းမဂ္ဂဇင်းများတွင် ဖော်ပြခံထားရပြီးသူ ဖြစ်၏။

ပြီး​တော့ သူက အောက်​မေးရိုး သေနတ်ထိမှန်ခံထားရသဖြင့် စတီး​မေးရိုး အစားထိုးထားရပြီး ဆေးပင်စင်တင်ထားသူ ဖြစ်သည်။ တခါတရံ သူ​နေထိုင်ရာ စစ်တပ်တန်းလျားသို့  ကျ​နော် သွားလည်လျှင် သူနှင့် သူ့ဇနီးမှာ တပ်ဝင်းနောက်​ဖေး တောစပ်တွင် ထင်းခုတ်သွား​နေသည်နှင့် ခဏခဏကြုံ၏။ သူနေထိုင်သည့် ဘားတိုက်တန်းလျား ထရံများမှာ အ​ပေါက်အပြဲများ ဖြစ်လျက်ရှိ၏။ သူသည် သူ့ဘဝကိုသူ ပြန်မကြည့်အား။ လစဥ် ကဗျာများ ပို့နိုင်​ရေးနှင့် ကဗျာရေးနိုင်​ရေးကိုသာ အာရုံထားသူဖြစ်၏။ ထူးဆန်းသည်မှာ သူသည် အခြားကဗျာများကို ဖတ်​လေ့ဖတ်ထမရှိ။ သူ့ကဗျာနှင့် သူနှင့်အပြိုင် သူပါ​နေကြမဂ္ဂဇင်းတွင် ပါရှိသည့် ကဗျာဆရာတစု၏ ကဗျာများကိုသာ တခုတ်တရဖတ်၏။ ပြီး​တော့ သူ့လို လေးလုံးစပ်ကဗျာ ရေးသူများကိုသာ သူသိ၏။

သူက လဆန်းရက်များတွင် ဖြူးက စာအုပ်ဆိုင်များသို့ လစဥ်သွား၏။ မြဝတီ၊ ငွေတာရီ၊ စစ်ပြန်၊ သ​ပြေမဂ္ဂဇင်းများတွင် သူ့ကဗျာ ပါမပါ ကြည့်သည်။ ပါလျှင် ထိုမဂ္ဂဇင်းကိုဝယ်၏။ အနီးဆုံး လက်ဘက်ရည်ဆိုင်သို့ သွား၏။ တွေ့သမျှ အသိအကျွမ်းများကို သူ့ကဗျာကိုပြ၏။ တခါတရံ လက်ဘက်ရည်ပင် တိုက်​လိုက်သေး၏။

သူ့ကဗျာများ မဂ္ဂဇင်းတိုက်သို့ ပို့ပုံမှာလည်း စိတ်ဝင်စားဖို့ အ​တော်​ကောင်း၏။ သူက ဆယ့်နှစ်လအတွက် သက်ဆိုင်ရာလအလိုက် ကဗျာများ တနှစ်စာ အဆင်သင့်​ ရေးထား​လေ့ရှိသည်။ ထို့ပြင် တနှစ်အတွင်း နေ့ထူး​နေ့ရက်များအတွက်လည်း တနှစ်စာ ကြိုတင်​ရေးထား၏။ သက်ဆိုင်ရာလ မ​ရောက်ခင် ထိုကဗျာများကို ကြိုပို့ထား၏။ ဥပမာ မေလအတွက် အလုပ်သမား​နေ့ကဗျာ မေလဆိုင်ရာ ရာသီဘွဲ့ကဗျာကို မေလမတိုင်ခင် ကတည်းက မဂ္ဂဇင်းတိုက်​တွေကို ကြိုပို့ထား၏။

ပိုပြီး စိတ်ဝင်စားဖို့​ကောင်းသည်မှာ အပယ်ခံရသည့် ကဗျာများကို နောက်လတွင် အနည်းငယ် ပြုပြင်ပြန်​ရေးပြီး တခြားမဂ္ဂဇင်းတိုက်သို့ ပြောင်းပို့​လေ့ရှိ၏။ ထိုမဂ္ဂဇင်းများကလည်း သုံး၏။

သူသည် ကျ​နော်နှင့် စတင်သိကျွမ်းစဥ်က သူ့လိုကဗျာဆရာများ ကျင်လည်ကျက်စားရာ မဂ္ဂဇင်းများဖြစ်သည့် မြဝတီ၊ ငွေတာရီ၊ စစ်ပြန်နှင့် သ​ပြေလိုမဂ္ဂဇင်းများတွင် လစဥ် အဖွင့်ကဗျာအဖြစ် ​ဖော်ပြခံရ​သော သူ့အသိုင်းအဝိုင်းအတွင်း အထင်ကရ ကဗျာဆရာ ဖြစ်​နေပြီဖြစ်သည်။

(၂)

တ​နေ့တွင် ကျ​နော့်ကို သူ့ဆန္ဒတခု ထုတ်​ပြောလာခဲ့သည်။ သူသည် ကဗျာစာအုပ်ထုတ်မည်ဟု ပြောလာခဲ့၏။ သူ့တွင် ဆေးပင်စင်ထုတ်လို့​ ပင်စင်ရောင်းထားသည့်ပိုက်ဆံ ရှိသည်။ ထိုပိုက်ဆံဖြင့် ကဗျာစာအုပ်ထုတ်မည်ဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ အမျိုးသားစာ​ပေဆု(ကဗျာ) အတွက် ရည်ရွယ်ခြင်းသာဖြစ်သည်။ ရောင်းရ မ​ရောင်းရသည်မှာ အ​ရေးမကြီး၊ ကဗျာစာအုပ် ထုတ်နိုင်​ရေးသာ အ​ရေးကြီးသည်။

ပထမ​တော့ ကျ​နော်က တားမြစ်မည်ဟု တွေးသည်။ သူသည် အင်မတန်ဆင်းရဲသည့် သာမန် ရိုးရိုးစစ်သား ဖြစ်သည်။ သည်ကြားထဲ သေနတ်ထိမှန်ထားသည့် ဒုက္ခိတတဦးလည်း ဖြစ်သည်။ ထို့​ကြောင့် ပင်စင်​ရောင်းလို့ရသည့်ပိုက်ဆံကို အရင်းအနှီးတခုခုပြု၍ စီးပွား​ရေး လုပ်​စေချင်သည်။ ​နေစရာအိမ်မရှိသဖြင့် အိမ်​လေးတလုံး ဝယ်​စေချင်သည်။ ထိုအ​တွေးဖြင့်ပင် သူ့ကို ကဗျာစာအုပ်မထုတ်ဖို့ တားမြစ်မည်ဟု စဥ်းစားသည်။ သို့​သော် သူက ကဗျာစာအုပ် ထုတ်ဖို့ကိုသာ ဆုံးဖြတ်သည်။ ကျ​နော်တားမြစ်​တော့မည်ကို သိသဖြင့် သူ့ဆုံးဖြတ်ချက်ကိုသာ အလျှင်အမြန် တဖွဖွ​ပြော​တော့သည်။

အမျိုးသားစာ​ပေဆုရလျှင် ပင်စင်​ရောင်းထားသည့်ပိုက်ဆံ ပြန်ရလာမည်။ စာ​ပေနယ်ပယ်တွင် လမ်း​ပေါက်သွားကာ စာ​ပေထုတ်​ဝေ​ရေးဖြင့်ပင် စီးပွား​ရေးလုပ်လို့ရမည်။ သူက ယင်းကဲ့သို့ပင် ​တွေး၏။

သူက ကျ​နော့်ကို သူ့ဆုံးဖြတ်ချက်ပြောပြရင်း မေးခွန်းတခုမေး၏။ သူသည် အမျိုးသားစာ​ပေဆု မရနိုင်ဘူး ထင်ပါသလားဟု မေး၏။ ထိုအခါ ကျနော့်မှာ အ​ဖြေရခက်ရပြန်သည်။

သူသည် သူ့စာ​ပေအသိုင်းအဝိုင်းအတွင်း ထိပ်ဆုံးတန်းကရပ်သည့် ကဗျာဆရာဖြစ်သည်။ သူ့ကဗျာများမှာ သူကျင်လည်ရာ မဂ္ဂဇင်းများတွင် ယှဥ်နိုင်သူရှား၏။ ယှဥ်နိုင်သူ နှစ်​ယောက် သုံး​ယောက်မှာလည်း အမျိုးသားစာ​ပေဆု ရပြီးသူများ ဖြစ်​နေသည်။ ထို့ပြင် အမျိုးသားစာ​ပေဆုရ ကဗျာများမှာ အခြားနယ်ပယ်မှ ကဗျာအမျိုးအစားကဗျာများကို ပေး​လေ့​ပေးထ လုံးဝမရှိ။ ထို့​ကြောင့် သည်နှစ်အဖို့ အမျိုးသားစာ​ပေဆု(ကဗျာ)ကို သူသာလျှင် ရဖို့​သေချာသည်ဟု ပြော၏။ သူ​ပြောပြသည့် အ​ကြောင်းပြချက်ကို ခင်ဗျား ငြင်းနိုင်သလားဟု ကျ​နော့်ကို​မေး​သောအခါ ကျ​နော့်မှာ ယတိပြတ်မငြင်းနိုင်။ သူ​ပြောသည့် အ​ကြောင်းပြချက်ကလည်း မှန်သင့်သ​လောက် မှန်​နေပြန်သည်။ ထို့​ကြောင့် ကဗျာစာအုပ် ထုတ်​ဝေမည့် သူ့ဆုံးဖြတ်ချက်ကို ကျ​နော့်မှာ မတားမြစ်နိုင်​တော့ပါ။

နောက်တလခန့်ရှိ​သောအခါ ကဗျာဆရာ ရွက်ဝါ၏ ကဗျာစာအုပ် ထွက်လာခဲ့ပါသည်။

(၃)

နှစ်ကုန်လို့ နောက်နှစ်အစတွင် အမျိုးသားစာ​ပေဆုများ ကြေညာလာခဲ့၏။

ထိုနှစ်က ကျ​နော့်အသိ ဒဏ်ရာရစစ်သားကဗျာဆရာ ရွက်ဝါ၏ ကဗျာစာအုပ် အမျိုးသားစာ​ပေဆု(ကဗျာ) မရရှိပါ။ ထိုနှစ်က အမျိုးသားစာ​ပေဆု(ကဗျာ)ကို ကဗျာဆရာ မြင်းမူ​မောင်နိုင်မိုး ရသွား၏။ မြင်းမူ​မောင်နိုင်မိုးမှာ ထိုစဥ်က စစ်တပ်မှ ဗိုလ်ကြီးတဦး ဖြစ်​လေသည်။

သည့်​နောက်ပိုင်း ကျ​နော့်မိတ်​ဆွေ စစ်သားကဗျာဆရာ ရွက်ဝါကို ကျ​နော် မ​တွေ့​တော့ပါ။ သူသည် တပ်မှထွက်ပြီး​နောက် အညာဘက်သို့ ပြောင်း​ရွှေ့သွားသည်ဟူ၍သာ ကျ​နော် သိခဲ့ရ၏။

ယခု နှစ်​ပေါင်းများစွာကြာခဲ့ပြီ။ သူနှင့်ကျ​နော် တကြိမ်မျှပင် ပြန်မဆုံဖြစ်​တော့။ သို့​သော် ဘာ့​ကြောင့်ရယ်မသိ အမျိုးသားစာ​ပေဆုများ ကြေညာသည့်အချိန်များတွင်မူ ကဗျာဆရာ “ရွက်ဝါ” ကို အစဥ်အမြဲ သတိရ​နေတတ်သည်က​တော့ အမှန်ပင်ဖြစ်ပါသည်။       ။

ငြိမ်း​ဝေ(ကဗျာ့အိုး​ဝေ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013