စစ်ကိုင်းတိုင်း ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်ရှိ ကျော်ထက်ရှိန် ဖုန်းဆိုင်ပိုင်ရှင်လင်မယား ၂ ယောက်ကို မေ ၅ ရက် ညနေမှာ အမည်မသိလူတစ်စုက ဆိုင်ကယ် ၁ စီးနဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ရာ ဇနီးဖြစ်သူ ကျည်ထိမှန်ဒဏ်ရာရပြီး အမျိုးသားက လွတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံအမျိုးသားတဦးက "အထက်တန်းကျောင်းရှေ့က ဖုန်းဆိုင် ပိုင်ရှင်ကို သေနတ်နဲ့ ပစ်သွားတာ၊ သူ့မိန်းမကို ထိသွားတာ၊ သူက လွတ်သွားတယ်တဲ့။ ဘယ်သူတွေက ပစ်တယ်ဆိုတာတော့ မသိဘူး" လို့ ပြောပါတယ်။
ပစ်ခတ်ခံရပြီးနောက် လက်မောင်း ကျည်ထိမှန်ထားတဲ့ အမျိုးသမီးအား ခန္တီးတပ်ဆေးရုံးကို ပို့ဆောင်ရာခဲ့ပြီးနောက် ပြည်သူ့ဆေးရုံးကို ပြန်ပို့ခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
တော်လှန်ရေးနဲ့ နီးစပ်သူ တဦးက "အခုက ဘယ်လိုဖြစ်နေလည်းဆို လုံခြုံရေးတွေ၊ ကင်းတွေ မြို့ဝင် မြို့ထွက်မှာ ဂိတ်တွေရှိပြီး ထင်သာမြင်သာရှိတဲ့အချိန်မှာ သေနတ်နဲ့ပစ်တာ၊ ဗုံးနဲ့ပစ်တာတွေ လုပ်နေတာ စဉ်းစားစရာပဲ" လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ခန္တီးမြို့အတွင်း ပိတ်ဆို့ကာ ဧည့်စာရင်းလိုက်လံ စစ်ဆေးနေပြီး ညမထွက်ရ အမိန့်နဲ့ မသင်္ကာရင် ပစ်ဖို့ ပစ်မိန့်ပါ ပေးထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။