DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ ပစ်ခတ်မှုကြောင့် မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦး သေဆုံး
DVB
·
May 5, 2023
ကေအန်ယူ ပစ်ခတ်မှုကြောင့် မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦး သေဆုံး
Donate to DVB

ကေအန်ယူ တပ်မဟာ ၄ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ တပ်ရင်း ၁၁ ရဲ့ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တာကြောင့် အရပ်သားတဦးနဲ့ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် MSDF က မေလ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးလှုပ်ရှားမှုတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ KNLA တပ်ရင်း ၁၁ က ဗိုလ်ကြီးစောဘွဲ့မှူးနဲ့ တခြားတာဝန်ရှိသူတွေကို ဧပြီလ ၂၉ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့ပြီး အဲဒီကအပြန် နောက်တရက် မနက်ပိုင်းမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတဦးကတော့ "သူတို့နဲ့ သွားတွေ့တာကလည်း အားလုံးအဆင်ပြေပြေပဲ၊ ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ တပ်ရင်း ၁၁ က တပ်ဖွဲ့ဝင်တွေကလည်း ကျနော်တို့နဲ့ အရင်ကတည်းက ရင်းနှီးပြီးသား လူတွေ၊ ဘာလို့အခုလိုပစ်လဲဆိုတာကိုတောင် ကျနော်တို့ မသိရသေးဘူး" လို့ ပြောပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ တနင်္သာရီတပ်၊ တပ်ရင်း ၃ တာဝန်ခံ နိုင်တမော့ချမ်းနဲ့ တပ်ဖွဲ့ဝင် ၁၀ ဦးခန့်ဟာ KNLA တပ်ရင်း ၁၁ တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံပြီး အပြန် ဧပြီလ ၃၀ ရက် မနက် ၇ နာရီလောက်မှာ မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ မိုင်တိုင် ၂၃ အနီး ပထမအကြိမ် ပစ်ခတ်ခံခဲ့ရပြီး တပ်ခွဲမှူးနဲ့ တပ်သားတဦးသေဆုံးခဲ့တဲ့အပြင် ဆုံလည်သေနတ်တလက်၊ M 16 သေနတ်တလက်နဲ့ လက်ပစ်ဗုံးတချို့လည်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

"စပစ်ခံရတာနဲ့ တပ်ရင်း ၁၁ ကို ကျနော်တို့ ဆက်သွယ်နေကျ ဆက်သွယ်ရေးလိုင်းတွေကနေ ဆက်သွယ်တာ လုံးဝမရဘူး၊ အလောင်းလည်း တလောင်းမှ ကျနော်တို့ ပြန်မသယ်ခဲ့နိုင်ဘူး" လို့ မွန်ပြည်ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

အဲဒီနေ့ မနက်မှာပဲ နိုင်တမော့ချမ်း ဦးဆောင်တဲ့ တပ်ဖွဲ့ကို လက်နက်လာပို့တဲ့ အခြားတပ်ဖွဲ့ဝင် ၄ ဦးကိုလည်း ဘုတ်ပြင်းမြို့နယ်၊ ကော့ဟံသာရွာအနီး KNLA တပ်ရင်း ၁၁ တပ်ဖွဲ့ဝင်တွေက တားဆီးပြီး M 16 သေနတ်နှစ်လက်၊ HK 16 သေနတ်နှစ်လက်နဲ့ Shot Gun ခေါက်ချိုးသေနတ်နှစ်လက်ကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပြီး လွတ်မြောက်လာတဲ့တာဝန်ခံ နိုင်တမော့ချမ်းနဲ့ တပ်ဖွဲ့ဝင် ၉ ဦး ပြည်ကြိီးမဏ္ဍိုင်မြို့အနီး နေ့လယ် ၁၂ နာရီလောက်မှာ ထပ်မံတိုက်ခိုက်ခံရလို့ အရပ်သားယာဥ်မောင်းတဦးနဲ့ တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တဲ့အပြင် AK 47 သေနတ်တလက်လည်း ဆုံးရှုံးခဲ့ရတယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

"ဆုံးသွားတဲ့ အရပ်သားယာဥ်မောင်းကတော့ အစည်းအဝေးပြီး ပြန်ကြလို့ ကားနဲ့လိုက်ပို့ဖို့ ငှားလာတဲ့သူပါ"

အခုလိုပစ်ခတ်မှုနဲ့ပတ်သက်ပြီး KNU တပ်မဟာ ၄ စစ်ရုံးကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်ရေးလိုင်း အခက်အခဲကြောင့် ဖုန်းလက်ခံဖြေကြားနိုင်ခြင်း မရှိခဲ့ပါဘူး။

မွန်ပြည်ကာကွယ်ရေးတပ်ဘက်ကတော့ အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး လူမျိုးရေးပဋိပက္ခတွေမဖြစ်အောင် ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

"ကျနော်တို့ကတော့ ဒါတွေကို အခြေခံပြီး လူမျိုးရေးပဋိပက္ခတွေမဖြစ်အောင် အထူးဂရုစိုက်ပြီး ညှိနှိုင်းသွားဖို့ရှိပါတယ်။ KNU ဗဟိုက လူကြီးတွေကိုလည်း ဆက်သွယ်ပြီး သေချာစကားပြောဖို့ ကြိုးစားနေပါတယ်"

ဒုတိယအကြိမ် ပစ်ခတ်ခံရပြီးနောက် တပ်ဖွဲ့ဝင် ၅ ဦးနဲ့ အဆက်သွယ်ပြတ်တောက်သွားခဲ့ပြီး တာဝန်ခံ နိုင်တမော့ချမ်း အပါအဝင် ၄ ဦးနဲ့သာ အဆက်သွယ်ရသေးတယ်လို့လည်း ပြောပါတယ်။

"ကျနော်တို့ တပ်ဖွဲ့ဝင်တွေ မြေပြင်မှာ လိုက်ရှာနေတုန်းပဲ၊ အသက်ရှင်နေသေးရဲ့လားဆိုတာကိုတောင် ကျနော်တို့ မပြောနိုင်သေးဘူး"

မွန်ပြည်ကာကွယ်ရေးတပ် MSDF ကတော့ KNU တာဝန်ရှိသူတွေအနေနဲ့ အခုလို ပြစ်မှုကျူးလွန်ခဲ့တဲ့ တပ်မဟာ ၄ တပ်ရင်း ၁၁ က တပ်ဖွဲ့ဝင်တွေကို အမြန်ဆုံး စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - MSDF တပ်ဖွဲ့ဝင်များ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013