DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ်ခန့်ရန် အဆိုပြု
DVB
·
June 26, 2014
ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ်ခန့်ရန် အဆိုပြု
Donate to DVB

လစ်လပ်နေတဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နေရာမှာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို တာဝန်ပေးခန့်အပ်ဖို့ သမ္မတက အဆိုတင်သွင်းလိုက်ပါတယ်။

[caption id="attachment_59163" align="alignright" width="300"]ဗိုလ်ချုပ်မောင်မောင်အုန်း ဗိုလ်ချုပ်မောင်မောင်အုန်း[/caption]မနေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို သမ္မတက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ တင်ပြတာလို့ ရခိုင်ပြည်နယ် လွှတ်တော်အမတ်တဦးဖြစ်တဲ့ ဦးစောငြိမ်းက ပြောပါတယ်။
“ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် သမ္မတ လွှတ်တော်မှာ အဆိုပြုတင်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ၂၇ ရက်နေ့မှာ ဗိုလ်ချုပ်မောင်မောင်အုန်းကို ကန့်ကွက်မယ်ဆိုရင် ကန့်ကွက်လို့ရတယ်ပေါ့။ ၂၇ ရက်နေ့ စာတင်ရပါ့မယ်။ ၃၀ ရက်နေ့မှာ လွှတ်တော်ပြန်စမှာပါခင်ဗျ။”

လာမယ့် ၂၇ ရက်နေ့ကျရင် ကန့်ကွက်မယ်ဆိုရင် ကန့်ကွက်စာတင်ပါလို့ ပြောဆိုထားပေမယ့် ဖွဲ့စည်းပုံဥပဒေအရ ကန့်ကွက်ဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ဘက်က ကန့်ကွက်ဖို့ဆိုတာကလည်း ဖွဲ့စည်းပုံနဲ့ ပြန် ငြိနေတယ်။ ကျနော်တို့က ကန့်ကွက်လို့ လုံးဝ မရဘူး။ လက်ရှိ သမ္မတကြီးကတော့ ဗိုလ်ချုပ်မောင်မောင်အုန်းကို တင်လိုက်ပြီ။ ရခိုင်တိုင်းရင်းသားတွေရဲ့ အကျိုးကို ဘယ်လောက်အထိ ခံစားနိုင်မလဲပေါ့။ ကျနော်တို့က သူ့ကို ကန့်ကွက်မယ်ဆိုရင် ပုဒ်မ ၂၆၀ အရ သူက လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းတဲ့ လူဆိုမှ ကန့်ကွက်လို့ရမှာ။ ခိုင်လုံတဲ့ အထောက်အထား မရှိဘဲ ကန့်ကွက်လို့ မရဘူး။ ရခိုင်လူထုကလည်း ဒီကိစ္စကို စိတ်ဝင်စားတယ်။ ဒီကိစ္စကို ထောက်ခံမယ်၊ မထောက်ခံဘူးဆိုတာ ကျနော်တို့ ပြန်ပြီး ဆွေးနွေးနေတယ်။”
ရခိုင်အမျိုးသားပါတီကတော့ ရခိုင်ဝန်ကြီးချုပ်ကို ရခိုင်တိုင်းရင်းသား တဦးကို ခန့်အပ်ဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ ဘာကြောင့် ရခိုင်တိုင်းရင်းသားကို ခန့်အပ်စေချင်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က အခုလို ရှင်းပြပါတယ်။

“အဲဒါကတော့ ရှင်းရှင်းလေးပါပဲ။ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားကို အုပ်စိုးတဲ့လူဟာ ရခိုင် လူမျိုးပဲဖြစ်သင့်တယ်ဆိုတာ တိုင်းရင်းသားတိုင်းရဲ့ဆန္ဒ။ ရှမ်းပြည်နယ်မှာဆိုလည်း ရှမ်းတိုင်းရင်းသားပဲ အုပ်စိုးတာ ရှမ်းတိုင်းရင်းသားတွေက လိုချင်မှာပဲ။ တခြား လူမျိုး လာအုပ်ချုပ် မှာကိုတော့ ဘယ်တိုင်းရင်းသားမှ လိုချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ထိန်းချုပ်တာတော့ ဘာမှ မတတ်နိုင်ဘူး။ ”

ကြံ့ခိုင်ရေးပါတီက ပြည်နယ်လွှတ်တော်အမတ် ဦးအောင်နိုင်ဦးကတော့ ဗိုလ်ချုပ်မောင်မောင်အုန်းဟာ ရခိုင်ပြည်နယ်မှာလည်း တာဝန်ထမ်းဖူးတဲ့အတွက် ရခိုင် ဒေသအကြောင်းကို သိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ပြောပါတယ်။
“ဦးအနေနဲ့ ကိုယ့်ဒေသသားမဟုတ်ပေမယ်လို့ အပြင်ကလာတဲ့ သူက အရည်အချင်း ရှိတယ် ဆိုရင်တော့ လက်ခံရမှာပေါ့။ ဦးတို့ ပြည်နယ်ကို အေးချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ့် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်မျိုးကိုတော့ လက်ခံရမှာပေါ့။ ဦးနဲ့ သူနဲ့ ပြောဆို ဆွေးနွေးကြည့်တဲ့ အနေအထားအရ တကယ်လုပ်ချင်ကိုင်ချင်စိတ် ရှိတယ်။ ပြီးတော့ သူက မင်းပြားမှာလည်း တာဝန် ၂ နှစ်လောက် ထမ်းဆောင်ဖူးတော့ ရခိုင်ဒေသနဲ့ ပတ်သက်ပြီး နှံ့နှံ့စပ်စပ် သိတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်တော့ အခြေအနေ အရတော့ ဆိုးမယ်လို့တော့ မထင်ဘူး။ ယုံကြည်မှုတခုတော့ ရှိတာပေါ့။”

ဗိုလ်ချုပ်မောင်မောင်အုန်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ်ဖို့ ပြည်နယ်လွှတ်တော်အမတ်တွေက ဘယ်လို ဆုံးဖြတ်မလဲဆိုတာကိုတော့ လာမယ့် ဇွန် ၃၀ ရက်နေ့ လွှတ်တော်ပြန်စချိန်မှာ သေသေချာချာသိရမှာဖြစ်ပါတယ်။

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို စစ်ဘက်မူ လတာဝန်တွေ ပြန်လည်ထမ်းဆောင်စေဖို့ ဇွန် ၁၈ ရက်မှာ သမ္မတက အမိန့်ထုတ်ပြန်ခဲ့ပြီး ဇွန် ၂၀ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ဗိုလ်ချုပ်မောင်မောင်အုန်းကို တပ်မတော်သား လွှတ်တော်အမတ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

အခုအခါမှာတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ သမ္မတက တရားဝင် အဆိုပြုလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013