မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နဲ့ ပုဂံမြို့ဟောင်းမှာ မေလ ၃ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ဘုရားတံတိုင်း အဆောက်အဦ၊ လမ်းမနဲ့ နေအိမ် ၂ လုံးပေါ် သစ်ပင်ပြိုလဲကျခဲ့တယ်လို့ မြို့ခံမီးသတ်ဌာနက ပြောပါတယ်။
ညနေ ၅ နာရီလောက်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပုဂံမြို့ဟောင်း၊ တောင်ဘီရွာအနီးရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှေ့မှာ လမ်းဘေးသစ်ပင်တွေ ညောင်ဦး-ပုဂံလမ်းမပေါ် ပြိုလဲခဲ့တာပါ။
ညောင်ဦးမြို့ခံ ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “လေက မြစ်ဘက်ကနေ ဝေ့ပြီး တိုက်တာ။ ဝက်ကြီးအင်းနဲ့ တောင်ဘီက မြစ်ဘေးကပ်ရက်ဆိုတော့ အပင်တွေလဲကုန်တာ။ လမ်းဘက်ကျတဲ့အပင်ရှိသလို အိမ်တွေဘက် ကျတဲ့ဟာလည်း ရှိတယ်။ မြသိန်းတန်ဘုရားက ဘုရား ၂ ဆူရှိတယ်။ သစ်ပင်ပိတာက ဝက်ကြီးအင်းက၊ အုတ်တံတိုင်းနဲ့ တန်ဆောင်းပေါ်ကျတာ။ မင်္ဂလာသာစည်ဘက်ကတော့ အိမ်ပေါ်ကျတယ်၊ လူတော့ မထိခိုက်ကြပါဘူး” လို့ ပြောပါတယ်။
ညောင်ဦး၊ မင်္ဂလာသာစည်အမှတ် ၅ ရပ်ကွက်ရှိ လူနေအိမ် ၂ လုံးအပေါ်ကို ညနေ ၅ နာရီလောက်မှာပဲ သစ်ပင်ပြိုလဲမှုဖြစ်ပွားခဲ့ပြီး အမိုးနဲ့ နံရံတချို့ ပျက်စီးခဲ့တဲ့အပြင် ညနေ ၅ နာရီခွဲလောက်မှာ ညောင်ဦးမြို့နယ်၊ ဝက်ကြီးအင်း အမှတ် ၇ ရပ်ကွက်ရှိ မြသိန်းတန်ဘုရား တံတိုင်းနဲ့ သွပ်မိုးသစ်သားတန်ဆောင်းတခုပေါ် သစ်ပင်ပြိုလဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လေပြင်းတိုက်ခတ်ခဲ့လို့ သစ်ပင်တွေ ပြိုလဲကျရာနေရာကို ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့၊ အရန်တပ်ဖွဲ့တွေနဲ့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ကူညီဆောင်ရွက်ခဲ့ကြတယ်လို့ မြန်မာမီးသတ်ဌာနချုပ်မှတ်တမ်းအရ သိရပါတယ်။