DVB Logo
Home
မြန်မာသတင်း
ခွင့်ပြုချက်မရဘဲ ဆန္ဒပြသည့် ချင်းခေါင်းဆောင် ၄ ဦး တရားစွဲခံရ
DVB
·
June 26, 2014
ခွင့်ပြုချက်မရဘဲ ဆန္ဒပြသည့် ချင်းခေါင်းဆောင် ၄ ဦး တရားစွဲခံရ
Donate to DVB

ချင်းပြည်နယ် မတူပီမြို့မှာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့တဲ့ ချင်းခေါင်းဆောင် ၄ ဦးကို မြို့နယ်ရဲစခန်းက ခေါ်ယူစစ်ဆေးပြီး ပုဒ်မ ၁၈ နဲ့ တရားစွဲခဲ့ပါတယ်။

[caption id="attachment_59151" align="alignright" width="300"]မတူပီမြို့ မတူပီမြို့[/caption]အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေး၊ အမျိုးသမီးအခွင့်အရေးတွေအတွက် ဇွန်လ ၂၄ ရက်နေ့က ဦးဆောင်ဆန္ဒပြခဲ့တဲ့ အမျိုးသမီးခေါင်းဆောင် ဒေါ်ထန်ဇင်း၊ ဒေါ်ခင်လွှေပါးရ် နဲ့ မတူပီချင်း လူငယ်အဖွဲ့က ကိုမောင်းဟန်၊ ကိုတိတ်မန်းတို့ ၄ ဦးကို မတူပီရဲစခန်းက တရားစွဲလိုက်တာလို့ ချင်းအမျိုးသမီးအဖွဲ့ ပြောခွင့်ရ မိုင်အဲလီက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ကို ကိုယ်ရေးရာဇ၀င် စစ်ချက် အကုန်လုံး ယူတယ်။ ဥပဒေအရ ခွင့်မပြုပဲ ဆန္ဒပြခဲ့တဲ့အတွက်ကြောင့် တရားစွဲမယ်။ တရားရုံးက ခေါ်လိမ့်မယ်၊ တရားရုံးကနေပဲ အမိန့်ချမယ်လို့ ပြောတယ်တဲ့။ ရဲမှူးက ဘာမှမကြောက်ပါနဲ့လို့ပြောတယ်။ ဒါပေမယ့် ဒဏ်ငွေတော့ ဆောင်ရမယ်လို့ ပြောတယ်တဲ့။”

သူတို့ကို စခန်းမှူး၊ ဒုရဲမှူးအပါအ၀င် ရဲအရာရှိ ၄ ဦးက လူစုခွဲကာ သပ်သပ်စီ စစ်ဆေးကြောင်း၊ ဆန္ဒပြရခြင်းအကြောင်း၊ နောက်ကွယ်က ကြိုးကိုင်သူရှိမရှိ၊ ကိုယ်ရေးရာဇ၀င် စတာတွေကို နေ့ခင်း ၁၂ နာရီကနေ ညနေ ၅ နာရီထိ ခေါ်ယူစစ်ဆေးခဲ့ပြီး ပုဂ္ဂိုလ် ၂ ဦးကို အာမခံနဲ့ ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။

သူတို့အရပ်ဒေသမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှု၊ အိမ်ထောင်ရေး ချိုးဖောက်ခံရမှု၊ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံနေရတာတွေ မကြာခနကြုံနေရတဲ့အတွက် ဒီကိစ္စတွေ ပပျောက်ရေး၊ အမျိုးသမီးတွေ စွမ်းအားမြှင့်တင်ရေးအတွက် ဖြစ်လာသမျှကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ အသင့်ရှိကြောင်း အာမခံနဲ့ ပြန်လွတ်လာသူ ဒေါ်ခင်လွှေပါးရ်က ပြောပါတယ်။

“အမျိုးသမီး အခွင့်အရေးရဖို့အတွက် ကျမတို့က အချုပ်ထဲပဲ ၀င်ဝင်၊ ဘယ်နေရာပဲ ရောက်ရောက်ပေါ့လေ၊ သူတို့ပေးသမျှ ဒဏ်တွေလည်း ခံပါ့မယ်။ နောက်လာမယ့် လူငယ်တွေအတွက် အကျိုးရှိတယ်ဆိုရင် အရှေ့ဦးဆောင် သွားတဲ့ လူတွေပဲလို့ ကျမတို့က ခံယူတယ်။”

အလားတူ မတူပီမြို့နယ် ရေဇွာမြို့နယ်ခွဲမှာ တပြိုင်တည်းလို အမျိုးသမီးအကြမ်းဖက်မှု ဆန့်ကျင်ရေး ဆန္ဒပြခဲ့တဲ့ အမျိုးသမီးခေါင်းဆောင်တွေလည်း ရဲစခန်းကို လာဖို့ ဆင့်ခေါ်ထားကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကြောင့် ဇွန် ၂၅ ရက်နေ့ထိ မရောက်ရှိသေးပေမယ့် သူတို့ပါ တရားစွဲခံရမယ့် အခြေအနေရှိတယ်လို့ ပြောပါတယ်။

အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ကိစ္စဟာ ချင်းအသိုင်းအ၀ိုင်းအပြင် နယ်မြေအခြေစိုက် အစိုးရတပ်သားက မတရားကျင့်ဖို့ ကြံစည်တာတွေရှိခဲ့ကြောင်း၊ မတူပီ ဆေးရုံအုပ်ဟာလည်း ကိုယ်ဝန်ဆောင်မိခင်၊ မွေးကင်းစကလေးငယ်တွေအပေါ် စာနာမှုကင်းတဲ့ အပြုအမူတွေရှိတာကြောင့် ဆေးရုံအုပ်ကိုပါ ဆန္ဒပြခဲ့တယ်လို့ အမျိုးသမီးခေါင်းဆောင် ဒေါ်ထန်ဇင်းက ပြောပါတယ်။

ဆန္ဒပြပြီးတဲ့နောက် မနေ့ညနေပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ ရဲစခန်းတာဝန်ရှိသူတွေက ဆေးရုံဝန်ထမ်းတွေကို ဆေးရုံအုပ်နဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဒေါ်ထန်ဇင်းက ပြောပါတယ်။

နယ်မြေထဲမှာ တရားဥပဒေစိုးမိုးပေမယ့် အမျိုးသမီးတွေ ကိုယ်တိုင်က ဖြစ်လာသမျှကိစ္စမှာ အရှက်အကြောက်ကြီးလို့ တိတ်တဆိတ်ပြီးဆုံးသွားတာ၊ ရှေးရိုးစွဲထုံးတမ်းစဉ်လာ ဥပမာ အမျိုးသားက အိမ်ထောင်ရေးဖောက်ပြန်လို့ မိန်းမကြီးကို နွားနောက်တကောင်လောက်နဲ့ လျော်ကြေးပေး ကွာပစ်တဲ့ ကိစ္စတွေဟာ အမျိုးသမီးတွေအတွက် အလွန်နစ်နာတယ်လို့ ပြောပါတယ်။

ဒါကြောင့် အမျိုးသမီးတွေကို အနိုင်ကျင့်တဲ့ အမျိုးသားတွေကို ဆန္ဒပြရုံနဲ့ မပြီးဘဲ အမျိုးသမီးတွေ ကိုယ့်အခွင့်အရေးကိုယ်နားလည်ဖို့၊ ကာကွယ်တတ်ဖို့၊ သတိရှိဖို့ ပညာပေးလုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ ဒေါ်ထန်ဇင်းက ပြောပါတယ်။

“အိမ်တွင်းအကြမ်းဖက်မှု အမျိုးမျိုးရှိတယ်။ ပြန်ပြောပိုင်ခွင့်မရှိဘူး။ ဓလေ့ထုံးစံ လူမှုရေး အရ ဖြေရှင်းတာတွေ များတဲ့အခါကျတော့ အမျိုးသမီးအသံတွေကို ကိုယ်ချင်းစာတယ်။ တရားဥပဒေကလည်း မစိုးမိုးတဲ့အခါကျတော့ အကြမ်းဖက်မှု အမျိုးမျိုး ခံရတဲ့အချိန်မှာ သူတို့က မဖော်ထုတ်ချင်ကြဘူး။ ဒီလို မဖော်ထုတ်တဲ့အချိန်မှာ လူတစုကို အားပေးရာရောက်တယ်။ ဥပဒေ ရှိတယ်၊ ဥပဒေက ဖြေရှင်းပေးလိမ့်မယ်လို့ ပြောတာ သူတို့က ရင်ဆိုင်ရဲတဲ့ သတ္တိမရှိဘူး။ အကြောက်တရားက အခုထိ လွှမ်းမိုးတာကိုး။ ဒီလိုမျိုး အကြောက်တရားမရှိအောင် ကျမတို့က ဒေသမှာရှိတဲ့ အမျိုးသမီးတွေကို အားပေးတဲ့သဘောနဲ့ ဖော်ထုတ်တာဖြစ်တယ်။”

အမျိုးသမီးအကြမ်းဖက်မှုဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲကို ဇွန်လ ၂၄ ရက်နေ့က မြို့နယ် ၂ ခုလုံးမှာ ပြုလုပ်ဖို့ ဇွန်လ ၁၉ ရက်နေ့က သက်ဆိုင်ရာကို တင်ပြခဲ့ပြီး ၂၁ ရက်နေ့မှာ ပယ်ချခံရပါတယ်။ သက်ဆိုင်ရာက ပြန်တင်ခိုင်းပေမယ့် နဂိုစီစဉ်ထားတဲ့အတိုင်း ဆန္ဒပြခဲ့လို့ ပုဒ်မ ၁၈ နဲ့ အခုလို တရားစွဲခံရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013