ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေး အမှတ် ၁ တံတားပေါ်မှာ မေ ၂ ရက် နေ့လယ်ပိုင်းက မြန်မာနိုင်ငံသား အမျိုးသမီးတဦး လဲကျသွားရာကနေ သေဆုံးသွားခဲ့တယ်လို့ နယ်မြေခံ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
အဆိုပါအမျိုးသမီး လဲကျသွားချိန်မှာပဲ သေဆုံးသူအမျိုးသမီးရဲ့ သားဖြစ်သူက ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းတွေကို အကြောင်းကြားခဲ့ပြီး ကယ်ဆယ်ရေးအသင်းတွေ ရောက်ရှိလာကာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပြီး ဆေးရုံအပို့မှာ သေဆုံးသွားခဲ့တာလို့ ဦးလှမိုး(တာချီလိတ်)လူမှုကယ်ဆယ်ရေးအသင်းက ဒီဗွီဘီကို ပြောပါတယ်။
“သွေးတိုးရောဂါအခံရှိတော့ နေလဲပူတော့ ရုတ်တရက် ဖြစ်သွားတာပါ။ အသက်က ၅၇၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်းရပ်ကွက်၊ အောင်ချမ်းသာရွာကလို့ သိရပါတယ်။ နာမည်က ဒေါ်ခင်မာရီပါဗျ။ ဆေးရုံအပို့မှာ အသက်ပါမလာတော့တာပါ။”
လက်ရှိမှာတော့ မြန်မာနိုင်ငံတဝန်းလုံး နေ့အပူချိန် သိသိသာသာ မြင့်တက်နေပြီး တာချီလိတ်မြို့ခံတွေလည်း ဒါကိုခံစားနေရတယ်လို့ အမည်မဖော်လိုသူ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဒီနှစ် ပိုပူတယ်၊ သိသိသာသာကို ရေရှားလာတယ်။ ရေတွင်းတွေလဲခန်း၊ တချို့ဆို အခန်းငှားများတော့ သုံးဖို့ရေမလောက်တော့ တခြား ရေသုံးသိပ်မများတဲ့ အိမ်တွေဆီက မျှသုံးနေရတဲ့ အနေအထားကြီး။ အသက်ကြီးတဲ့သူတွေ ဒီအပူဒဏ်ကို ပိုခံရတယ်။ ဟိုတနေ့ကတော့ ပူလို့ ညဘက် ပန်ကာဖွင့်အိပ်ရင်း သေဆုံးသွားတဲ့သတင်းလည်း ကြားလိုက်ရတယ်။”
သေဆုံးသူ အမျိုးသမီးက ထိုင်းဘက်ခြမ်းကို သွားလည်ဖို့အတွက် သားဖြစ်သူနဲ့ တံတားဖြတ်သန်းခွင့်လက်မှတ် လုပ်ပြီးတော့အသွား တံတားပေါ်မှာ လဲကျသွားတာဖြစ်ပြီး တာချီလိတ် ပြည်သူ့ဆေးရုံကြီးမှာ ထားရာကနေ နာရေးကိစ္စအတွက် ဆက်လက်ကူညီဖို့ မဟာမြတ်မုနိ ဘုန်းကြီးကျောင်းကို ရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ဦးလှမိုး လူမှုကယ်ဆယ်ရေးအသင်း