DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ် ကျေးရွာ ၇ ရွာက ပြည်သူ ၂၀၀၀ ကျော် ရေရှားပါးမှုဖြင့် ရင်ဆိုင်နေရ
DVB
·
May 2, 2023
ခင်ဦးမြို့နယ် ကျေးရွာ ၇ ရွာက ပြည်သူ ၂၀၀၀ ကျော် ရေရှားပါးမှုဖြင့် ရင်ဆိုင်နေရ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြိူ့နယ်၊ အရှေ့မြောက်ခြမ်း ကျေးရွာ ၇ ရွာက ပြည်သူ ၂၀၀၀ ကျော် ရေရှားပါးမှုနဲ့ လက်တလောကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါကျေးရွာတွေဟာ စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့မှာ လေယာဉ်နဲ့ ပစ်ခတ်ခဲ့တဲ့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာအနီးက ရွာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို ဒေသခံတွေ သောက်သုံးရေ၊ ချိုးရေ၊ ချက်ပြုတ်ရေး၊ တိရစ္ဆာန်သောက်သုံးရေတွေကို အရင်က ကန်တွေ၊ ချောင်းတွေထဲက စိမ့်တွင်းလေးတွေနဲ့ အသုံးပြုခဲ့ရတယ်။ အခုနှစ်ကတော့ ကျနော်တို့အညာမှာ နေအပူရှိန်က မြင့်တက်လာပြီး ခန်း‌ခြောက်တာကတမျိုး၊ ကန့်ဘလူမြို့နယ်ဘက်က စစ်ဘေးရှောင်တွေ ကျနော်တို့ရွာတွေစီ ရောက်လာတာတွေရော အကုန်စုံသွားတော့ အခုလို သောက်ရေ၊ သုံးရေ ပြတ်လပ်တာနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

အဆိုပါ ရေပြတ်လပ်နေတဲ့ ကျေးရွာတွေမှာ အများသုံး မြေအောက်ရေတွင်း တူးရင်လည်း ပေ ၄၀၀ ကနေ ၅၀၀ နီးပါးတူးရတာကြောင့် ရေတွင်းတတွင်းတူးမယ်ဆိုရင် ကုန်ကျငွေသိန် ၄၀ အထက်မှာရှိတာကြောင့် ရေတွင်းမတူးနိုင်ဘဲ အခုလို ရေရှားပါးတဲ့အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“အခုပုံစံအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ကျမတို့ ဘဝတွေ အသက်ရှင်ရေးမ တွေးရဲစရာပါပဲ။ အခုသောက်နေရတာတောင် ရွံ့ရည်သာသာကို အနည်ထိုင်အောင် ညသိပ်ပြီးမှ သုံးရတယ်။‌ ရေငတ်လို့ နွားတွေလည်း သေဆုံးရတာတွေလည်းရှိတယ်ရှင့်၊ ကျမတို့ရွာကဆိုရင် ရေငတ်လို တနေ့တည်းနဲ့ နွား ၂ ကောင်သေတယ်။ ကြက်တွေလည်းသေတယ်။ ကျမတို့ ရွံ့ရေသာသာရှိတဲ့ ရေတောင် ရွာ နဲ့ ၃ မိုင်လောက်ဝေးတဲ့ ကန်တွေ၊ ချောင်းထဲမှာ တူးထားတဲ့ စိမ့်ရေတွင်းလေးတွေစီ စောင့်ပြီး ရေခပ်နေရတယ်” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီကတော့ ဒေသခံပြည်သူတွေ သောက်ရေ၊ သုံးရေ အခက်အခဲဖြစ်နေတာကို ကူညီဖို့ နေနေသာသာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ခင်ဦးမြိုနယ်၊ မြိုသစ်ကျေးရွာကို စစ်ကြောင်းဝင်ရောက်ခဲ့ပြီး ကျေးရွာတွေက လျှပ်စစ်ထရမ်စဖော်မာတွေ၊ ရေဘုံဘိုင်တွေကို နည်းအမျိုးမျိုးနဲ့ ဖျက်ဆီးသွားခဲ့သလို အိမ်အလုံးရေ ၇၀၀ ကိုလည်း မီးရှို့ခဲ့တယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013