DVB Logo
Home
မြန်မာသတင်း
ဒလမြို့နယ်တွင် သောက်သုံးရေပြတ်လပ်
DVB
·
April 30, 2023
ဒလမြို့နယ်တွင် သောက်သုံးရေပြတ်လပ်
Donate to DVB

ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်က ရပ်ကွက်တွေမှာ ဧပြီလဆန်းပိုင်းကစလို့ ကန်ရေခန်းခြောက် သွားပြီး သောက်သုံးရေပြတ်လပ်နေတာကြောင့် ရေအလှူကားတွေကို အားထားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒလမြို့နယ်ဟာ ၂၀၁၄ လူဦးရေ စစ်တမ်းအရ ရပ်ကွက် ၂၃ ခု၊ ကျေးရွာအုပ်စု ၂၃ ခုနဲ့ လူဦးရေစုစုပေါင်း ၁သိန်း ၇ သောင်းကျော်ရှိပြီး ၂ ရပ်ကွက်ပေါင်း လူဦးရေ ၂၁၄၀၀ ကျော် နေထိုင်တဲ့ အံ့ကြီးအနောက်(ပျဉ်းမကုန်း)ရပ်ကွက်နဲ့ ကျန်စစ်သားရပ်ကွက်တို့မှာ လတ်တလော သောက်သုံးရေ ပြတ်လပ်နေတာပါ။ 

အဲဒီရပ်ကွက်တွေကို ဂါလန် ၁၆၀၀ ဆန့် ရေကားတွေနဲ့ ရေလှူပေးနေတဲ့ ရန်ကုန်မြို့ အခြေစိုက်ပရဟိတအသင်းက "ကျန်စစ်သားရပ်ကွက်မှာဆို အမက ၂၄ ရှေ့မှာ ရေလှူပေးပါတယ်။ အလှူရှင်တွေက နိုင်သလောက် လှူကြပါတယ်၊ တွံတေးက သွားသယ်တာပါ။ ဒီမှာက ရေလုံးဝ မရှိတာမျိုးတော့ မဟုတ်ဘူး၊ ရေစက်ကလည်း ရေတွန်းစက်နဲ့ ပေးတာ ရှိတယ်။ ရေက ပေါ့တော့ သောက်လို့ မရတာ။ နောက်တခုက ကန်ရေ၊ ကန်ရေကကျတော့ နွေဘက်မှာ ခန်းတာပေါ့၊ ဒီနှစ်က ပိုပူတယ်လေ။ သူတို့က ဒီနှစ် ၂ လပိုင်းလောက်မှာ မြစ်ထဲက ရေကို စက်နဲ့ ကန်ထဲ ဖြည့်ထားသေးတယ်၊ တကန်လောက်ပါပဲ။ မြစ်ရေဆိုတော့ ငန်တော့ ထမင်းချက်တာတောင် မရကြဘူး၊ ရေချိုးဖို့ပဲ ရတယ်။ ဂါလန် ၁၆၀၀ ဆန့် ရေကားတစ်စီးကို ရေသွားသယ်တာနဲ့ ဒီအထိအရောက်ဆို ဆီဖိုးအပါ ၇ သောင်း ကျပါတယ်။ ဒလကပဲ တခြားရပ်ကွက်တွေ သောက်ရေ မရတာတွေ ရှိသေးတယ်" လို့ ပြောပါတယ်။  

ဒလမြို့နယ်ဟာ နွေရာသီတိုင်း သောက်သုံးရေပြတ်လပ်လေ့ရှိပြီး မြို့ခံ အိမ်ထောင်စု  ၈၅ ဒသမ ၄ ရာခိုင်နှုန်းဟာ ရေကန်ကနေ သောက်ရေအဖြစ် သုံးစွဲနေတာပါ။ 

ဒလမြို့နယ်အတွင်းကို ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းကနေ နေ့တိုင်း ဂါလန် ၁ သန်း ပေးဝေ ဖြန့်ဖြူးနေပေမဲ့ ရေသန့်စင်စက်ရုံ မရှိသေးတာကြောင့် တွံတေးတူးမြောင်းကနေ တရက် ဂါလန် ၃ ဒသမ ၃ သန်းထွက်မယ့် ရေသန့်စင်စက်ရုံကို စစ်ကောင်စီဘက်က တည်ဆောက်နေတယ်လို့ သိရပါတယ်။ 

ဒလမြို့ခံတဦးက "ရေက ဟိုတုန်းကတည်းကပါ၊ ဒီလိုပဲ ကြိုသောက်ရတာပေါ့။ ရပ်ကွက်က ပိုက်ဆံစုပြီး ရေစက်နဲ့ ကန်ထဲကို မြစ်က ရေတင်ထားတာ၊ ရေစစ်နဲ့ သုံးလေးခါလောက် စစ်သောက်ရင် အနယ်က မရှိဘူး ရေက ငန်တာပဲ။ ရန်ကုန်က ပေးတဲ့ ရေက ထမင်းချက်တာတို့တော့ ရတယ်၊ တအားပေါ့‌တော့ သောက်မရဘူး။ ကား‌တွေနဲ့ ပရဟိတဘက်က လာလှူတော့ အဆင်ပြေတာပေါ့၊ ရေသန့်ဘူး လိုက်ပို့တာ ရှိတယ်၊ တတ်နိုင်တဲ့သူကျတော့လည်း ဝယ်သောက်တာပေါ့၊ ဒီဘက်က ကန်ပဲ အားကိုးတာများတယ် " လို့ ပြောပါတယ်။

အိမ်ထောင်စု  ၅ ဒသမ ၈ ရာခိုင်နှုန်းသာ ရေသန့်စက်၊ ရေသန့်ဘူးတွေက ရေကို ဝယ်ယူ သုံးစွဲနိုင်ကြပြီး ရန်ကုန်ရှိ အခြားမြို့နယ်တွေနဲ့ နှိုင်းယှဉ်ပါက ပဉ္ဇမမြောက်အနိမ့်ဆုံး မြို့နယ်ဖြစ်ကာ အိမ်ထောင်စု  ၉၂ ဒသမ ၂  ရာခိုင်နှုန်းဟာ မသန့်ရှင်းတဲ့အရင်းအမြစ်က ရေကို သောက်သုံး နေရတယ်လို့ ၂၀၁၇ ခုနှစ် မေလထုတ် ရန်ကုန်တိုင်းဒလမြို့နယ်အစီရင်ခံစာမှာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013