DVB Logo
Home
မြန်မာသတင်း
ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ် ဈေးကွက်ကနေ ပြန်သိမ်း
DVB
·
June 24, 2014
ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ် ဈေးကွက်ကနေ ပြန်သိမ်း
Donate to DVB

စာရေးဆရာ အောင်ရင်ငြိမ်းရေးတဲ့  ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ ၀တ္ထုစာအုပ်ကို စာပေဈေးကွက် ကနေ ပြန်လည်သိမ်းဆည်းနေပြီ ဖြစ်ပါတယ်။

ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာစာအုပ်ရဲ့ ဇာတ်ဝင်ခန်းအချို့မှာ  လိင်အသားပေးရေးသားမှုတွေ ပါဝင်တဲ့အတွက် ဝေဖန်မူတွေထွက်ပေါ်လာပြီးနောက် ထုတ်ဝေဖြန့်ချိသူတွေက  စာပေဈေးကွက် ကနေ ပြန်လည်သိမ်းဆည်းနေတာဖြစ်ပါတယ်။

Aung Yin Nyeinဒီစာအုပ်ကို ဖြန့်ချိခဲ့တဲ့ ပင်လယ်သစ်စာပေတာဝန်ရှိသူကတော့ စာပေမှတ်ပုံတင်ဌာနကနေ ပြန်သိမ်းဖို့ အကြောင်းကြားခဲ့တဲ့အတွက် သိမ်းဆည်းနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“စာပေစိစစ်ရေးကြောင့် အပြင်မှာ ဟော့ရှော့နည်းနည်း ဖြစ်နေတဲ့အတွက် ပြန်သိမ်းထားရင် ကောင်းတယ်လို့ ပြောတဲ့အတွက် ပြန်သိမ်းပြီးသွားပါပြီ။ သိမ်းလိုက်တယ် ဆိုင်တွေမှာလည်း မရှိဘူး။ စာပေစိစစ်ရေးက စာရေးသူနဲ့ တိုက်ရိုက် ဆက်သွယ်တာ။”

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဠ်ကတော့ ဒီစာအုပ်ကို ဥပဒေကြောင်းအရ အရေးယူဖို့ ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစာအုပ်မှာ ပထမ တခုကတော့ ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်ပြပြီးတော့ လွှတ်တော်က အတည်ပြုထားတဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး လုပ်ငန်း ဥပဒေအောက်မှာ ဒီလို စာအုပ်မျိုးတွေ ထုတ်ဝေလို့ရှိရင် စာအုပ်ကို တရားမ၀င်စာအဖြစ် ပိတ်သိမ်းနိုင်ဖို့ တရားရုံးကို လျှောက်လို့ရတဲ့ဟာ နောက်တခါ ပုံနှိပ်သူတွေ ထုတ်ဝေသူကိုလည်း တရားရုံးကို ဦးတိုက် လျှောက်ပြီးတော့မှ တရားစွဲလို့ရတဲ့ ပြဋ္ဌာန်းချက်တွေပါတယ်။ တဖက်မှာလည်း ရာဇသတ်ကြီး ပုဒ်မမှာ ညစ်ညမ်းစာပေနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေပါတယ်။ အဲဒါကြောင့် အခုချိန်မှာ ဘယ်ဘက်လုပ်မလဲဆိုတာ ဥပဒေပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့မှ သုံးသပ်နေတဲ့အဆင့် ရှိပါတယ်။”

ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာစာအုပ်ကိုဝေဖန်စာရေးခဲ့တဲ့ စာရေးဆရာစည်သူအောင်မြင့်ကတော့ ဒီစာအုပ်ဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးမဖြစ်စေနိုင်ဘူးလို့ အခုလိုပြောပါတယ်။

“ဒီစာအုပ်ကို ကျနော်လေ့လာ ဖတ်ကြည့်လိုက်တဲ့ အခါကျတော့ အနုပညာမြောက်တင်ဆက်ထား တဲ့ ၀တ္ထုစာရင်းလည်း မ၀င်ဘူး။ ကျန်းမာရေးဆိုင်ရာ စာအုပ်လည်း မဟုတ်ဘူး။ ဒါကြီးကို တရားဝင် ထုတ်ဝေလာတဲ့အခါကျတော့ ကျနော်တို့နိုင်ငံမှာ သက်ငယ် မုဒိမ်းမှုလို့ ခေါ်တဲ့ အင်မတန်မှ လူမဆန်တဲ့  ရာဇ၀တ်တွေကလည်း များပြားနေတဲ့အချိန်မှာ ဒီလိုစာအုပ်မျိုးတွေ ထုတ်ဝေလာတဲ့အတွက် လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးကို ဆောင်ကျဉ်းလာမှာ မဟုတ်ဘူး ဆိုးကျိုးကိုပဲ ဖြစ်စေမယ်လို့ ကျနော်ထင်တယ်။”

ဒီစာအုပ်ဟာ စာရေးဆရာတွေကို နာမည်ဖျက်တဲ့ စာအုပ်ဖြစ်တယ်လို့ လူမူကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွေမှာ ရေးသားကြတာရှိသလို မြန်မာပြည်ရဲ့ စာပေလွတ်လပ်ခွင့်ကို မေးခွန်းထုတ်ဝေဖန်မှုတွေလည်းရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  မြန်မာကလောင်ရှင်များအဖွဲ့ Pen Myanmar အဖွဲ့ဝင် စာရေးဆရာ မျိုးမြင့်ညိမ်းကတော့ ဒီစာအုပ်ကြောင့် မြန်မာ့စာပေလောက တခုလုံး ပျက်စီးသွားမှာ မဟုတ်ဘူလို့ အခုလိုပြောပါတယ်။

“ဒါတခုကြောင့်မို့လို့ မြန်မာစာပေလောကကြီး ပျက်ဆီးသွားမယ်ဆိုရင်တော့ သိပ်ရယ်စရာ ကောင်းတယ်။ ဘာမှ မဖြစ်ဘူး။ စာအုပ်လေး ၄၊ ၆ ရာ ဖြန့်ချိလိုက်တဲ့အတွက်လည်း ဘာမှ  မဖြစ်ဘူး။ ဒါကို သိပ်ကြီးများတဲ့ ပြဿ     နာ တခုဖြစ်တဲ့အတွက် မြန်မာစာပေလောကကြီးဟာ ပျက်ဆီးသွားပြီ စာပေစိစစ်ရေး မရှိလို့ ဒီလို ဖြစ်တာဆိုရင်လည်း ဒါအကြောင်းပြချက်တခုပဲ ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ မြန်မာစာပေလောကဟာ စာပေစိစစ်ရေး ရှိဖို့ လိုအပ်တယ်ဆိုရင်လည်း ဒါအကြောင်းပြချက်တခုပဲ ဖြစ်လိမ့်မယ်။”

ရသစာပေ စာရေးဆရာ ချစ်ဦးညိုကတော့ ၀တ္တု၊ ကဗျာဆိုတာ စာဖတ်သူအတွက် ကောင်းတဲ့ စိတ်တွေပေါ်အောင် လုပ်ပေးရတာဖြစ်ပြီး အဲဒါတွေနဲ့ ဆန့်ကျင်နေရင်တော့ မလိုလားအပ်တဲ့ စာပေတာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“၀တ္ထု၊ ကဗျာဆိုတာလည်း စာဖတ်သူရဲ့ အသိဥာဏ်ပြည့်ဝမှု၊ နှလုံးသား ဖြူစင်မှု၊ ကောင်းသောစိတ်များ မွေးမြူနိုင်မှု အဲဒါတွေကို လုပ်ပေးရမယ့်  တာဝန်ရှိတယ်။ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်ပြုတယ်ဆိုရင် အဲဒါ မလိုလားအပ်တဲ့ စာပေ ဖြစ်ပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက စာရေးဆရာ အောင်ရင်ငြိမ်းကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။ ဒီစာအုပ်ရေးသားခဲ့တဲ့ စာရေးဆရာအောင်ရင်ငြိမ်းကတော့ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာဟာ အပြာစာအုပ်မဟုတ်ပဲ လူ့အဖွဲ့အစည်းအဟောင်းကြီးကို လူသားသစ်အဖွဲ့အစည်း ဖြစ်အောင် လုပ်ကြဖို့ အသိအမြင်နဲ့ ရေးသားထားတာလို့ သူရဲ့ အင်တာနက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013