
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ဇွန် ၁ ရက်ကစတင်ပြီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကျောင်းသားတွေအပါအဝင် ပြည်သူ ၁၀ ယောက်ထက်မနည်း သတ်ဖြတ်ပြီး နေအိမ် ၃၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောင်သာမြို့နယ် အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက် “ဖက်တောသံမဏိဘက်က ထွက်လာတဲ့ စစ်ကြောင်း၊ ဝဲလောင်ဘက်က ထွက်လာတဲ့ စစ်ကြောင်းနဲ့ တောင်သာဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်း ၃ ကြောင်းတွေက အခု ၂၁ ရက်နေ့အထိ ရှိနေသေးတယ်။ လက်ရှိမှာတော့ မလှိုင်ဘက်နဲ့ ညောင်ဦးအစပ်ဘက်မှာ တိုက်ပွဲဖြစ်နေတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်တွေဟာ ဇွန် ၂ ရက်က စတင်ကာ ကျောင်းသားတွေ အပါအဝင် ပြည်သူ ၁၀ ယောက်ထက်မနည်း သတ်ဖြတ်ခဲ့ပြီး ကျေးရွာတွေက လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ် လူသားစာနာတာဝန်ခံ ကိုရသေ့ကြီး က “ကျနော်တို့ အတည်ပြုလို့ ရသလောက်ဆိုရင် အခုလထဲမှာ တောင်သာနယ်ထဲကို ဝင်နေတဲ့ စစ်တပ်စစ်ကြောင်းရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ပြည်သူ ၁၁ ယောက်လောက် ရှိပါတယ်။ အင်းတဲရွာက အသက် ၁၈ နှစ်အရွယ် Grade 12 ကျောင်းသားလေး ၂ ယောက်ကို ဖမ်းသွားပြီး သတ်ပစ်လိုက်ကြတယ်။ ကလေးတွေရဲ့အလောင်းတွေကို လမ်းမှာ ထားခဲ့ကြတယ်။ ကိုင်းသာစည်ဘက်မှာလည်း ပြည်သူ ၇ ယောက်ကို ဖမ်းပြီး ၅ ယောက် အသတ်ခံထားရတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ သတင်းမရသေးဘူး။ ညောင်ကုန်းဘက်မှာလည်း မီးရှို့ခံထားရတဲ့ အလောင်းတလောင်း တွေ့ရပြီး ယောကျ်ား၊ မိန်းမ ခွဲလို့မရတော့ဘူး။ နောက်ပြီး ကိုင်းချောင်းတံတားနားမှာလည်း ပြည်သူ ၂ ယောက်ကို ဖမ်းပြီးသတ်ထားတယ်။ တပေါင်းရွာဘက်မှာလည်း ပြည်သူ ၁ ယောက် ပစ်သတ်ခံရသေးတယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်က မီးရှို့ဖျက်ဆီးသွားတဲ့ ကျေးရွာတွေဟာ တောင်သာမြို့ရဲ့ အနောက်ဘက်နဲ့ အနောက်တောင်ဘက်တွေက ကျားမတွင်း၊ ညောင်ကုန်း၊ နတ်စောင့် ကျေးရွာတွေဖြစ်ကြပြီး နေအိမ် ၃၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ်ထဲကို စစ်တပ်ဘက်က တပြိုင်တည်း စစ်ကြောင်း ၃ ကြောင်းထိုးဝင်ရောက်နေလို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေမှာ စစ်ဘေးရှောင်နေကြရတာ သီတင်း ၃ ပတ်နီးပါးကြာမြင့်လာပြီလို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။










